တီဟီရန်၊ ဧပြီ ၉

အီရန်နိုင်ငံအနေနဲ့ မိမိတို့ရဲ့ နျူကလီးယား စီမံကိန်းနဲ့ ပတ်သက်လို့ သဘောတူညီမှု ရယူဖို့ အမြင်နဲ့အတူ ဧပြီ ၁၂ ရက်မှာ အမေရိကန်နဲ့ ဆွေးနွေးမှုအတွင်း စေ့စပ်ဖို့ အသင့်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီး အဘက်စ် အာရက်ဂျ်ချီက ပြောကြားလိုက်ပါတယ်။

ဒါပေမဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အနေနဲ့ စစ်ရေးအရ အရေးမယူဖို့ ပထမဆုံး သဘောတူရမှာ ဖြစ်ပြီး အီရန်အနေနဲ့ ခြိမ်းခြောက် အကြပ်ကိုင်မှုကို လုံးဝ လက်ခံမှာ မဟုတ်ဘူးလို့ ဝန်ကြီး အာရက်ဂျ်ချီက ဖြည့်စွက် ပြောပါတယ်။

သမ္မတ ထရန့်က အီရန်နဲ့ တိုက်ရိုက် ဆွေးနွေးသွားမှာ ဖြစ်ကြောင်း ဧပြီ ၇ ရက်မှာ အမှတ်မထင် ကြေညာထားပေမယ့် အိုမန်မှာ ဧပြီ ၁၂ ရက် ဆွေးနွေးညှိနှိုင်းမှုတွေဟာ အမေရိကန်နဲ့ တိုက်ရိုက် ညှိနှိုင်းမှုတွေ မဟုတ်ဘူးလို့ ဝန်ကြီး အာရက်ဂျ်ချီက အခိုင်အမာ ပြောဆိုလာတာပါ။

ပထမ သမ္မတရာထူး သက်တမ်းအတွင်း ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့ အီရန်ကြား ၂၀၁၅ နျူကလီးယား သဘောတူညီမှုကနေ အမေရိကန်ကို နုတ်ထွက်စေခဲ့တဲ့ ထရန့်က ဆွေးနွေးမှု မအောင်မြင်ရင် အီရန်ဟာ ကြီးမားတဲ့ အန္တရာယ်ကျရောက်လိမ့်မယ်လို့ သတိပေးထားပါတယ်။

အမေရိကန်နဲ့အီရန်ကြား သံတမန်ဆက်ဆံရေး မရှိတာကြောင့် ထရန့်က အီရန် ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီခါမေနီဆီ ပြီးခဲ့တဲ့လက ယူအေအီးနိုင်ငံကတဆင့် စာရေးသား ပေးပို့ခဲ့ပါတယ်။

အဲဒီစာထဲမှာ ထရန့်က အီရန်အနေနဲ့ အမေရိကန်နဲ့အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုကို ရှောင်ရှားရေး နျူကလီးယားလက်နက် ပိုင်ဆိုင်ခွင့် မရှိစေရဘူးလို့ အသိပေးထားပါတယ်။

အိမ်ဖြူတော်မှာ အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟုနဲ့ တွေ့ဆုံမှုအတွင်း အမေရိကန်နဲ့အစ္စရေးတို့က အီရန်အနေနဲ့ နျူကလီးယားလက်နက် ပိုင်ဆိုင်ခွင့်မရှိဘူးလို့ နှစ်နိုင်ငံ သဘောတူညီခဲ့ကြပါတယ်။

တကယ်လို့ သဘောတူညီမှုတွေ ရှည်ကြာနေမယ်ဆိုရင် အီရန်ကို စစ်ရေးအရ အရေးယူသွားမှာ ဖြစ်ကြောင်းလည်း အမေရိကန်နဲ့အစ္စရေးတို့ သဘောတူထားပါတယ်။

အီရန်က သူတို့ရဲ့ နျူကလီးယားစီမံကိန်းဟာ ငြိမ်းချမ်းရေးအတွက် သက်သက် ဖြစ်ပြီး နျူကလီးယားလက်နက် ထုတ်လုပ်ဖို့နဲ့ ပိုင်ဆိုင်ဖို့ လုံးဝစဉ်းစားမှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။

ဒါပေမဲ့ ၂၀၁၅ နျူကလီးယား သဘောတူညီမှုက အမေရိကန် နုတ်ထွက်ပြီးနောက်ပိုင်းမှာ အီရန်က ယူရေနီယံသန့်စင်မှုကို လက်နက် ထုတ်လုပ်နိုင်တဲ့ အဆင့်နီးပါး ထုတ်လုပ်နေတာ ကြာပြီဖြစ်ပါတယ်။

အီရန်အနေနဲ့ လက်ရှိ အတိုင်းအတာအတိုင်း ယူရေနီယံ သန့်စင် ထုတ်လုပ်နေမယ်ဆိုရင် တစ်နှစ်အတွင်း နျူကလီးယားဗုံး ထုတ်လုပ်နိုင်ခြေ ရှိတယ်လို့ ပညာရှင်တွေက ခန့်မှန်းထားပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.