ရှမ်းရွာသစ်၊ ဧပြီ ၁၀
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ရှမ်းရွာသစ်မြို့မှာ တာဝန်ကျနေတဲ့ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတွေဟာ ပြီးခဲ့တဲ့ မတ်လပိုင်းကတည်းက မြို့ပေါ်ကနေ ပြောင်းရွှေ့ထွက်ခွာသွားကြပြီလို့ ထွက်ခွာလာရတဲ့ ဝန်ထမ်းတွေနဲ့ နယ်မြေခံသတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
KNU ဖားအံခရိုင် တပ်မဟာ ၇ နယ်မြေထဲမှာရှိနေတဲ့ လှိုင်းဘွဲမြို့နယ် ရှမ်းရွာသစ်မြို့ ခလယ့်ဒေးရွာမှာ ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်နေ့မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၇ က စစ်ကောင်စီတပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ၄ ရက်အကြာ မတ်လ ၂၅ ရက်နေ့မှာ စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာပါ။
စစ်ကောင်စီတပ်ကလည်း ရှမ်းရွာသစ်မြို့အခြေချ စစ်ဗျူဟာကနေတစ်ဆင့် ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုဌာနချုပ်နေရာတွေဆီ ဒရုန်းတွေနဲ့ စေလွှတ်တိုက်ခိုက်ခဲ့တာတွေ မကြာခဏဆိုသလို လုပ်ဆောင်လေ့ရှိနေသလို အဲဒီဗျူဟာစခန်းဆီ လေကြောင်းကနေ လက်နက်ခဲယမ်းရိက္ခာတွေ ပို့ဆောင်ကာ ခံစစ်ပြင်ဆင်တာတွေ လုပ်ဆောင်နေခဲ့ပါတယ်။
ဒီလို ဖြစ်ပေါ်နေခဲ့တဲ့ နှစ်ဖက်စစ်ရေးတင်းမာမှုတွေအပြင် KNLA တပ်မဟာ ၇ က ရှမ်းရွာသစ်မြို့မှာရှိတဲ့ ဝန်ထမ်းတွေအနေနဲ့ ထွက်ခွာသွားကြဖို့ အသိပေးပြောဆိုခဲ့ပြီးတဲ့နောက် ရှမ်းရွာသစ်မြို့က ဝန် ထမ်း ၂၀ ခန့်ဟာ မြို့ပေါ်မှာမနေရဲတော့ဘဲ ပြီးခဲ့တဲ့ မတ်လပိုင်းက လှိုင်းဘွဲမြို့နဲ့ ဘားအံမြို့ကို ပြောင်းရွှေ့ထွက်ခွာခဲ့ကြတယ်လို့ နယ်မြေခံသတင်းရင်းမြစ်ကဆိုပါတယ်။
ရှမ်းရွာသစ်မြို့ကနေ ထွက်ခွာလာခဲ့ကြတဲ့ ဝန်ထမ်းတွေထဲက တချို့ကတော့ သက်ဆိုင်ရာဌာနအ သီးသီးမှာ တွဲဖက်အဖြစ် ပြန်လည်တာဝန်ထမ်းဆောင်တာရှိသလို တချို့ကတော့ တာဝန်မထမ်းဆောင်တော့ဘဲ ထွက်ပြေးသွားခဲ့ကြတာတွေ ရှိနေတယ်လို့လည်း ဒေသတွင်းသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
လက်ရှိ ရှမ်းရွာသစ်မြို့ပေါ်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေသာ ကျန်ရှိတော့တာဖြစ်ပြီး စစ်ရေးအခြေအနေကြောင့် အသွားအလာလည်း နည်းပါးနေသလို နှစ်ဖက်စစ်ရေးဟာ ဒီထက်ပိုမိုပြီး ပြင်း ထန်လာနိုင်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ဆိုပါတယ်။
ရှမ်းရွာသစ်မြို့ဟာ လှိုင်းဘွဲ-ရှမ်းရွာသစ်-လေးဝါး လမ်းပေါ် KNU တပ်မဟာ ၇ နယ်မြေမှာ တည်ရှိတာဖြစ်ပြီး KNU ဗဟိုဌာနချုပ်နဲ့လည်း အနီးဆုံးမှာရှိနေတဲ့ မြို့တစ်မြို့လည်းဖြစ်သလို အဲဒီဒေသတွင်း စစ်ကောင်စီတပ်အပြင် ကရင်နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့တွေလည်း သွားလာလှုပ်ရှားနေကြပါတယ်။
KNU တပ်မဟာ ၇ နယ်မြေထဲမှာ အခြေစိုက်တပ်စွဲထားတဲ့ မာနယ်ပလောဒေသထဲက စစ်ကောင်စီတပ်စခန်းတွေအပြင် ပူးလူးတူစခန်း ခလယ့်ဒေးစခန်းတွေကို တပ်မဟာ ၇ ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်သိမ်းယူထားပြီး စစ်ကောင်စီတပ်ကလည်း တပ်မဟာ ၇ နယ်မြေထဲကို ဒရုန်းတွေနဲ့ တိုက်ခိုက်တာတွေ လုပ်ဆောင်နေခဲ့ပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီတပ်က ရက် ၂၀ ကြာ အပစ်ရပ်မယ်လို့ ပြောထားပေမယ့် KNU ထိန်းချုပ်နယ်မြေတွေထဲကို လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ နေ့စဉ် လုပ် ဆောင်လျက်ရှိနေတဲ့အတွက် အရပ်သားပြည်သူ ထိခိုက်သေဆုံး ဒဏ်ရာရတာတွေ ရှိနေခဲ့ပြီး နေ အိမ်တွေလည်း ထိခိုက်ပျက်စီးတာတွေ ရှိခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ