ညောင်လေးပင်၊ ဧပြီ ၈

ပဲခူးတိုင်း ညောင်လေးပင်ခရိုင်ရဲ့ မြို့နယ်နှစ်ခုမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် စစ်ရှောင်ပြည်သူအပါအဝင် အရပ်သားပြည်သူငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ဧပြီ ၇ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

အပစ်ရပ်ကြေညာထားတဲ့ စစ်ကောင်စီတပ်ဟာ ဧပြီ ၄ ရက်နေ့က KNU ထိန်းချုပ်နယ်မြေဖြစ်တဲ့ မုန်းမြို့နယ် ပဒကုန်ကျေးရွာထဲကို လက်နက်ကြီးငါးလုံး ပစ်ခတ်ခဲ့တဲ့အတွက် ပဒကုန်းကျေးရွာမှာ စစ်ဘေးလာရှောင်နေတဲ့ ကရင်မြက်ရဲကျေးရွာသူ အသက် ၂၆ နှစ်အရွယ် နော်ဖော်ဆာဝါး ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။

ဧပြီ ၅ ရက်နေ့ကလည်း KNU ထိန်းချုပ်နယ်မြေဖြစ်တဲ့ ရွှေကျင်မြို့နယ် ဝိုင်ပျဉ်ကျေးရွာထဲကို စစ်ကောင်စီတပ်က ဟောင်ဝှစ်ဇာ လက်နက်ကြီးသုံးလုံး ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဝိုင်ပျဉ်ကျေးရွာနေ ကိုနေလင်းစိုး ၊ မရတနာ ၊ ကိုသန်းမင်းစိုးနဲ့ ကိုသက်နေဝင်းတို့လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ညောင်သာယာ ဘုန်းတော်ကြီးကျောင်းလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ယာယီအပစ်ခတ်ရပ်စဲကြောင်း ကြေညာထားပေမယ့် KNU နယ်မြေမှာ နေ့စဉ်နဲ့အမျှ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့အတွက် အရပ်သား ပြည်သူတွေအနေနဲ့ ထိခိုက်သေဆုံးမှုများ ကြုံတွေ့ ခံစားနေရပြီး ထိတ်လန့် ကြောက်ရွံ့စွာနဲ့ ရှင်သန်နေထိုင်နေရတယ်လို့ KNU က ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ကလည်း စစ်ကောင်စီဟာ ငလျင်ဘေးကြောင့် ဧပြီ ၂ ရက်နေ့ကနေ ဧပြီ ၂၂ ရက်နေ့အထိ အပစ်ခတ်ရပ်စဲကြောင်း ကြေညာထားပေမယ့် တိုင်းနဲ့ပြည်နယ်တွေမှာ နေ့စဉ် လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ ဧပြီ ၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.