မော်လမြိုင်၊ ဧပြီ ၈

စစ်ကောင်စီဟာ ငလျင်ဘေးကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နိုင်ဖို့ ယာယီအပစ်ရပ်ကာလ ကြေညာထားပေမယ့် တိုင်းနဲ့ပြည်နယ်တွေမှာ နေ့စဉ်လက်နက်ကြီးအပြင် လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း AAPP က ဧပြီ ၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဧပြီ ၂ ရက်နေ့ကနေ ဧပြီ ၂၂ ရက်နေ့အထိ ရက်ပေါင်း နှစ်ဆယ်အကြာ ယာယီအပစ်ရပ် ကာလအဖြစ် စစ်ကောင်စီက ထုတ်ပြန်ကြေညာထားပေမယ့် နိုင်ငံတစ်ဝန်းက တိုင်းနဲ့ ပြည်နယ်တွေမှာ နေ့စဉ် လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကို လုပ်ဆောင်နေတာပါ။

ဧပြီ ၄ ရက်နေ့မှာ ကရင်နီပြည်နယ် လွိုင်ကော်မြို့နယ်ရှိ ကင်းကောခူကျေးရွာကို စစ်ကောင်စီက လေကြောင်းအပြင် လက်နက်ကြီးပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဲဒီနေ့မှာပဲ ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ခရစ်ယာန်ဘုရားကျောင်းတစ်ကျောင်းအပါအဝင် လူနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ပြီး အရပ်သားပြည်သူတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဧပြီ ၅ ရက်နေ့မှာလည်း ရှမ်းပြည်နယ် နောင်ချိုမြို့နယ်နဲ့ ညောင်ရွှေမြို့နယ်၊ မကွေးတိုင်း ပခုက္ကူမြို့နယ်၊ မန္တလေးတိုင်း မတ္တရာမြို့နယ်တွေကို စစ်ကောင်စီက လက်နက်ကြီးအပြင် လေကြောင်းပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် နေအိမ် ၂၀ ကျော် ထိခိုက်ပျက်စီးခဲ့ပြီး ပြည်သူတချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အလားတူ ဧပြီ ၆ ရက်နေ့မှာလည်း စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်နဲ့ ချောင်းဦးမြို့နယ်တွေကို စစ်ကောင်စီက စစ်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူလေးဦး သေဆုံးခဲ့သလို ထိ ခိုက်ဒဏ်ရာရရှိသူတွေလည်း ရှိတယ်လို့ AAPP ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.