မော်လမြိုင် ၊ ဧပြီ ၉

မွန်ပြည်နယ်မှာ စစ်ကောင်စီ လက်အောက်ခံ ယာဉ်ထိန်းရဲအပါအဝင် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့တွေက ယာယီလိုင်စင် ဆိုင်ကယ်တွေကို ဖမ်းဆီးပြီး ခြိမ်းခြောက်ငွေညှစ်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီ လက်အောက်ခံပူးပေါင်းအဖွဲ့ဝင်တွေဟာ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ခေါင်း စဉ်နဲ့ မြို့ဝင်မြို့ထွက် နေရာတွေအပါအဝင် ယာဉ်သွားယာဉ်လာများတဲ့ နေရာတွေမှာ ယာယီလိုင်စင် ဆိုင်ကယ်တွေကို စစ်ဆေးပြီး ဖမ်းဆီးမှုတွေ ပြုလုပ်နေတာပါ။

ပြီးခဲ့တဲ့ ဧပြီ ၄ ရက်နေ့ကလည်း သထုံမြို့နယ်နဲ့သံဖြူဇရပ်မြို့နယ်မှာ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် သုံးစီးကို မွန်ပြည်နယ် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ရဲ့ စီမံခန့်ခွဲမှုနဲ့ ဖမ်းဆီးပြီး ပို့ကုန်သွင်းကုန်ဥပဒေနဲ့ အရေးယူခဲ့တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။

အမည်မဖော်လိုတဲ့ မွန်ပြည်နယ် ဒေသခံတစ်ဦးကတော့ စစ်ကောင်စီဖမ်းဆီးထားတဲ့ ယာယီလိုင် စင်ဆိုင်ကယ်တွေဟာ အရောင်းဆိုင်တွေက လိုင်စင်လုပ်ပေးမယ်ဆိုပြီး လိုင်စင်ဈေးနဲ့ ဝယ်ထားတာတွေ ဖြစ်ပြီး အခုလို ဖမ်းဆီးတာကြောင့် အများကြီးနစ်နာမှုရှိတယ်လို့ ပြောပါတယ်။

“အခုအဖမ်းခံနေရတဲ့ ဆိုင်ကယ်တွေက လိုင်စင်လုပ်ပေးမယ်ဆိုပြီးတော့ လိုင်စင်ဈေးနဲ့ ဝယ်ထားတာ။ အဲဒါမျိုးလူတွေ ဖမ်းမိသွားရင်တော့ လိုင်စင်ဈေးနဲ့ ပေးဝယ်ပြီးတော့ မိသွားတဲ့အခါကျတော့ သူတို့အတွက်က အများကြီးနစ်နာတာပေါ့။ အပြင်မှာ ရိုးရိုးဒီသာမန် ကမ်းကူးထားတဲ့ ဆိုင်ကယ်တွေဆိုလို့ရှိရင်ဆိုပါစို့ သိန်း၈၀/၉၀လောက် ဆိုလို့ဆိုရင် ကျွန်တော်တို့ ဒီယာယီ နံပါတ်ပြားနဲ့ကိုက ဆိုင်မှာ တချို့တွေက လိုင်စင်နဲ့ပါအပြီး ဆိုပြီးတော့ ၁၀၀ ကျော်တာတို့ အဲဒီလိုမျိုးတွေရှိတယ်။ အ များကြီးနစ်နာတာပေါ့” လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီ လက်အောက်ခံတွေက လိုင်စင်မဲ့ယာဉ်ဆိုပြီး ဖမ်းဆီးနေတဲ့ မော်တော်ဆိုင် ကယ်တချို့ဟာ အရောင်းဆိုင်တွေက လိုင်စင်လုပ်ပေးမယ် ဆိုတဲ့အတွက် ဝယ်ယူထားတာ ဖြစ်တာကြောင့် အရောင်းဆိုင်တွေအနေနဲ့ တာဝန်ယူသင့်တယ်လို့ သူကဆက်ပြောပါတယ်။

စစ်ကောင်စီ လက်အောက်ခံ တချို့ကတော့ လိုင်စင်မဲ့ယာဉ်တွေကို စစ်ဆေးဖမ်းဆီးပြီးနောက် တချို့ကို ငွေကြေးအဆမတန်တောင်းကာ ပြန်လွှတ်ပေးတာရှိသလို ငွေကြေးမပေးနိုင်တဲ့ သူတွေကိုတော့ မော်တော်ယာဉ် သိမ်းဆည်းကာ လူကိုလည်း အရေးယူတာရှိတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

လိုင်စင်မဲ့ မော်တော်ယာဉ်အများစုဟာ နယ်စပ်တွေကတစ်ဆင့် စစ်ကောင်စီလက်အောက်ခံ ဂိတ်တွေကို ငွေကြေးအမျိုးမျိုးပေးကာ ဝင်ရောက်လာတာဖြစ်ပြီး ဒေသတွင်းစီးနင်းတာအပြင် တခြား ဒေသတွေကိုလည်း ရောင်းချနေတာပါ။

မွန်ပြည်နယ်မှာတော့ လိုင်စင်မဲ့ မော်တော်ယာဉ်တွေကို အိမ်နီးချင်းထိုင်းနိုင်ငံကတဆင့် ဝင်ရောက် လာတာဖြစ်ပြီး ဒေသတွင်းမှာတော့ စစ်ကောင်စီနဲ့ နီးစပ်သူတွေ စီးနင်းတာရှိသလို တချို့ တွေက တော့ စစ်ကောင်စီ လက်အောက်ခံတွေကို တရားမဝင်ငွေကြေးပေးပြီး စီးနင်းတာရှိတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.