မော်လမြိုင်၊ ဧပြီ ၉

အင်အား ၇ ဒသမ ၇ ရှိတဲ့ အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် နိုင်ငံတစ်ဝန်းမှာ အရပ်သားပြည်သူနေအိမ် ၃၂,၃၆၈ လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက ဧပြီ ၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့ နေ့လယ်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်ကောင်စီ၊ ပဲခူးနဲ့ ရှမ်းတောင်တွေမှာ ထိခိုက်ဆုံးရှုံးမှုတွေ များပြားခဲ့တာပါ။

NUG ရဲ့ စာရင်းတွေအရ ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၃၅၅၀ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၄၆၈၉ ဦး၊ ပျောက်ဆုံးနေသူ ၂၂၀ ဦးနဲ့ အခြေခံအဆောက်အအုံ ၄၆၀၃ လုံး၊ ဘာသာရေးအဆောက်အအုံ ၅၃၂၄ လုံး၊ ပြည်သူနေအိမ် ၃၂၃၆၈ လုံး၊ စာသင်ကျောင်း ၅၅၄ ကျောင်းနဲ့ ငလျင်ဘေးသင့်ဦးရေ သုံးသန်းကျော် ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် လူသေဆုံးမှုနဲ့ အခြေခံအဆောက်အုံ ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ပြီးနောက် ကနေဒါနိုင်ငံက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၂ သန်း ထောက်ပံ့ခဲ့ပါတယ်။

ဥရောပသမဂ္ဂ EU ကလည်း လူသားချင်းစာနာထောက်ထားမှု အကူအညီအတွက် နောက်ထပ် ယူရို ၁၀ သန်း ထောက်ပံ့ခဲ့ပြီး အဲဒီရန်ပုံငွေဟာ အရေးပေါ်အမိုးအကာ၊ ဆေးဝါးကုသမှု၊ ရေသန့်နဲ့ မိလ္လာသန့်ရှင်းရေးတွေအတွက် ပံ့ပိုးပေးနိုင်မယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂကလည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းတွေအတွက် ဘေးကင်းပြီး အကန့်အသတ်မရှိ ဝင်ရောက်နိုင်ဖို့ လိုအပ်တဲ့အစီအမံအားလုံးကို အကန့်အသတ်ရှိ လုပ်ဆောင်နိုင်ဖို့ တောင်းဆိုထားပါတယ်။

တစ်ဖက်မှာလည်း စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်ဆွေနဲ့ ကုလ သမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး အကြီးအကဲတွေ ဦးဆောင်တဲ့ ကိုယ် စားလှယ်အဖွဲ့ကို ပြီးခဲ့တဲ့ ဧပြီ ၆ ရက်နေ့ နေပြည်တော်မှာ လက်ခံတွေ့ဆုံခဲ့တယ်လို့ နိုင်ငံပိုင်ရုပ်သံက တဆင့်ကြေညာထားပါတယ်။

အဲဒီအစည်းအဝေးမှာ UNOCHA ရဲ့ အကြီးအကဲက ငလျင်ဘေးသင့် ပြည်သူတွေကို ကူညီဖို့အ တွက် နိုင်ငံတကာမှ လှူဒါန်းငွေ အမေရိကန်ဒေါ်လာ ၉၃ သန်း ရရှိထားပြီး ကုလသမဂ္ဂရဲ့ အရေးပေါ်ရန်ပုံငွေမှ အမေရိကန်ဒေါ်လာ ၅ သန်း အသုံးပြုသွားမှာ ဖြစ်သလို အဲဒီငွေတွေနဲ့ အကူအညီပေးရေး လုပ်ငန်းတွေကို အကောင်အထည်ဖော်ဖို့အတွက် ကုလသမဂ္ဂဝန်ထမ်းတွေကို စေလွှတ်သွားမယ်လို့ ဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.