ကော့သောင်း၊ ဧပြီ ၈
တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်မှာ စစ်ကောင်စီရဲ့ စစ်မှုထမ်း တပ်သားစုဆောင်းခံရတဲ့ လူငယ်တစ်ဦး ဆက်သွယ်အလင်းဝင်လာခဲ့တယ်လို့ ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
စစ်ကောင်စီရဲ့ စစ်မှုထမ်းအပတ်စဉ် ၁၁ အတွက် တပ်သားစုဆောင်းခံရတဲ့ ကိုးမင်းမင်း (အမည်လွှဲ)ဟာ ပြီးခဲ့တဲ့ ဧပြီ ၁ ရက်နေ့မှာ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ ဆက်သွယ်အလင်းဝင်ခဲ့တာပါ။
ကိုမင်းမင်းဟာ ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံရပြီးနောက် ရနောင်းမြို့မှတဆင့် ကော့သောင်းမြို့နယ်ကို ပြန်လည်ပို့ဆောင်ခံရချိန် စစ်ကောင်စီရဲ့ စစ်မှုထမ်းတပ်သားသစ်အဖြစ် ဖမ်းဆီးခံရပြီး ကော့သောင်းမြို့နယ် ခမရ ၄၃၁ တပ်စခန်းကို ပို့ဆောင်ခဲ့ရတာ ဖြစ်ပါတယ်။
အဲဒီနောက် ကိုမင်းမင်းဟာ ခမရ ၄၃၁ တပ်စခန်းမှ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ပြည်သူ့ကာကွယ် ရေးအဖွဲ့ ချိတ်ဆက်ကာ အလင်းဝင်ခဲ့တာ ဖြစ်တယ်လို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သားသစ်ကို ကောင်းမွန်စွာပြုစုထားပြီး လုံခြုံရေးအခြေအနေအရ ကိုယ်ရေးအချက်အလက် အပြည့်အစုံကို မထုတ်ဖော်ခဲ့တာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၆ ရက်နေ့ကလည်း ကော့သောင်းမြို့နယ်မှာ ထိုင်းနိုင်ငံရနောင်းမြို့မှ နေရပ်ပြန်ပို့ခံရပြီး စစ်မှုထမ်းစုဆောင်းခံရတဲ့ လူငယ်နှစ်ဦး ထွက်ပြေးလွတ်မြောက်ခဲ့ကာ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ လာရောက်ခိုလှုံခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ကော့သောင်းပကဖ