ဆိုးလ်၊ ဧပြီ ၇
စစ်အုပ်ချုပ်ရေးဥပဒေ ကြေညာမှုနဲ့ ပတ်သက်လို့ ရာထူးက ထုတ်ပယ်ခံခဲ့ရတဲ့ သမ္မတဟောင်း ယွန်ဆွတ်ယိုလ်ကို တောင်ကိုရီးယားနိုင်ငံမြို့တော် ဆိုးလ်မှာ ဧပြီ ၅ ရက်က လူထောင်ချီ ထောက်ခံ ဆန္ဒပြခဲ့ကြပါတယ်။
အရပ်ဘက်အုပ်ချုပ်မှု အဆုံးသတ်ဖို့ ဒီဇင်ဘာ ၃ ရက်မှာ စစ်အုပ်ချုပ်ရေးဥပဒေ ကြေညာမှုနဲ့ပတ်သက်လို့ သမ္မတဟောင်း ယွန်ကို ရာထူးကနေ ဖယ်ရှားရေး တောင်ကိုရီးယား ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံးက ဧပြီ ၄ ရက်မှာ တညီတညွတ်တည်း ဆုံးဖြတ်ခဲ့တာပါ။

တောင်ကိုရီးယားမှာ လများစွာကြာ နိုင်ငံရေး မတည်မငြိမ် ဖြစ်ခဲ့ပြီးနောက် လာမယ့် ဇွန်လမှာ ရွေးကောက်ပွဲအသစ် ကျင်းပသွားဖို့ စီစဉ်ထားပါတယ်။
အချိန်အကြာကြီး စောင့်ခဲ့ရတဲ့ တရားရုံး အမိန့် ထွက်လာပြီးနောက် တောင်ကိုရီးယားမှာ တင်းမာမှုတွေ မြင့်တက်လာခဲ့ပြီး ထုတ်ပယ်ခံ သမ္မတဟောင်းကို ထောက်ခံတဲ့ လက်ယာစွန်းတွေက ဆိုးလ်မြို့မှာ အပတ်စဉ် ဆန္ဒပြပွဲတွေ ပြုလုပ်နေကြပါတယ်။
သမ္မတဟောင်း ယွန်ကို ထောက်ခံသူက စွပ်စွဲ ပြစ်တင်မှု တရားမဝင်ဘူးလို့ အော်ဟစ်ပြီး သူ့ကို ထောက်ခံ ဆန္ဒပြခဲ့ကြပါတယ်။

မြောက်ကိုရီးယားရဲ့အန္တရာယ်တွေနဲ့ နိုင်ငံတော် ဆန့်ကျင်ရေး အင်အားစုတွေကို အမြစ်လှန်ပစ်ဖို့ စစ်အုပ်ချုပ်ရေးဥပဒေ ကြေညာဖို့ လိုအပ်တယ်လို့ သမ္မတဟောင်း ယွန်က ပြောဆိုထားတာပါ။
ဒါပေမဲ့ ယွန်ရဲ့ အုပ်ချုပ်မှုကို သဘောမကျသူတွေကတော့ တရားရုံး ဆုံးဖြတ်ချက် ထွက်လာပြီးနောက် အောင်ပွဲခံခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလက ယွန်ရဲ့ စစ်အုပ်ချုပ်ရေး ဥပဒေကြေညာမှုဟာ နိုင်ငံတော်အတွက် ပြင်းထန်တဲ့ အန္တရာယ်ရှိတဲ့ လုပ်ရပ် ဖြစ်တယ်လို့ တရားရုံးက ပြောပါတယ်။
လာမယ့်ရွေးကောက်ပွဲမှာ အတိုက်အခံခေါင်းဆောင် လီဂျေးမြောင် ဦးဆောင်မှာ ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
သူ့ရဲ့ပါတီဟာ မြောက်ကိုရီးယားနဲ့ ရင်ကြားစေ့လိုတဲ့ သဘောထား ရှိတဲ့ ပါတီ ဖြစ်ပါတယ်။
အတိုက်အခံခေါင်းဆောင် လီ သမ္မတ ဖြစ်လာနိုင်ခြေကို သမ္မတဟောင်းရဲ့ ထောက်ခံသူတွေက စိုးရိမ်နေကြတာ ဖြစ်ပါတယ်။
Ref:AFP