နောင်ချို၊ ဧပြီ ၇
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် တောင်ခမ်းကျေးရွာမှာ ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံး အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဧပြီ ၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၅ ရက် နေ့လယ် ၂ နာရီအချိန်ခန့်မှာ တောင်ခမ်းကျေးရွာရှိ အမှတ် ၉၀၂ တပ်စခန်းအနီး တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံး သုံးလုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တာပါ။
အလားတူ ဧပြီ ၅ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်မှာလည်း စစ်ကောင်စီတပ်က နောင်ချိုမြိုနယ် နောင်လင်ကျေးရွာနဲ့ နမ့်ဆောင်ဟူးကျေးရွာတို့ကို ဂျက်ဖိုက်တာ လေယာဉ်နဲ့ ပေါင် ၂၅၀ ဗုံး အသုံးပြုကာ သုံးကြိမ်ထက်မနည်း လာရောက်ကြဲချခဲ့တာကြောင့် နေအိမ် ၄ လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဧပြီ ၄ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဟာ မိုးကုတ်မြို့အနောက်ပိုင်း ပင့်ကူတောင်အောက်အနီးမှာ ဂျက်ဖိုက်တာ လေယာဉ်နဲ့ ဗုံး၂ လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဧပြီ ၂ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ရက်ပေါင်း ၂၁ ရက်အကြာ အပစ်ခတ်ရပ်ခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်ထားတဲ့ မြို့နယ်တွေမှာ စစ်အင်အား ဖြည့်တင်းတာ၊ ထိုးစစ်ဆင်တာနဲ့ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ နေရာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ် နေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ် ၂၈ နေ့ရက်က မြန်မာနိုင်ငံမှာ ပြင်းအား ၇ ဒသမ ၇ ရှိတဲ့ ငလျင်လှုပ်ခတ်နေချိန် နေ့လယ် ၁ နာရီအချိန်ခန့်မှာလည်း စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ လေယာဉ်နဲ့ နောင်လင်ကျေးရွာကို လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံနေအိမ် ၃ လုံးနဲ့ စာသင်ကျောင်း ၂ ကျောင်း ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – TNLA