လားရှိုး၊ ဧပြီ ၈
ကိုးကန့်တပ် MNDAA သိမ်းပိုက်ထားတဲ့ ရှမ်းမြောက်ရှိ လားရှိုးမြို့ကို စစ်ကောင်စီတပ်တွေ ဝင်ရောက်လာရင် အနီးအနားရှိ ထိန်းချုပ်နယ်မြေတွေမှာ စစ်ရေးအရ တိုက်ခိုက်ခံရနိုင်တယ်လို့ CDM ဗိုလ်ကြီး ဇင်ယော်က သံလွင်တိုင်းမ်ကို ပြောပါတယ်။
မြန်မာ့နှစ်သစ်ကူး သင်္ကြန်အလွန် ဧပြီ ၂၀ ရက်နေ့ မတိုင်ခင်မှာ ကိုးကန့်တပ် MNDAA ဟာ တရုတ်အစိုးရဖိအားကြောင့် သူတို့ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ပေါ်ကနေ ဆုတ်ခွာရမယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန် ထွက်ပေါ်နေပါတယ်။
လားရှိုးမြို့ပေါ်ရှိ ရပ်ကွက် ၁၂ ခုမှာ စစ်ကောင်စီရဲ့ ဌာနဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေ ဝင်ရောက်မှာဖြစ်ပြီး ကိုးကန့်တပ်တွေ မဆုတ်ခွာရင် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်မယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်ထား တာပါ။
CDM ဗိုလ်ကြီး ဇင်ယော်က လားရှိုးမြို့ကို စစ်ကောင်စီဘက်က ပြန်လည်စိုးမိုးနိုင်ဖို့ စစ်ရေးအရ ရပ်တန့်နေမှာ မဟုတ်တဲ့အတွက် အနီးစပ်ဆုံး ထိန်းချုပ်ထားတဲ့ မြို့တွေဘက်ကို ထိုးစစ်ဆင်လာနိုင်တယ်လို့ သုံးသပ်ပါတယ်။
“စစ်ကောင်စီကတော့ ရပ်တန့်နေမှာ မဟုတ်ဘူး။ ဒါပေမယ့် MNDAA ဘက်ကလည်း သူက လားရှိုးမြို့ကို ပြန်ပြီးတော့ စိုးမိုးထားမယ့် အနေအထားမျိုး။ မြို့ပေါ်မှာပဲ ကွက်ကွက်ကလေး လှုပ်ရှားရမယ်။ ရုန်းကန်ရမယ်ဆိုတော့ နောက်ပိုင်းဆွေးနွေးမှုတွေအရ သိန္နီတို့ နမ္မတူတို့ သီပေါတို့ဘက်မှာ နည်းနည်း သူတို့(စကစတပ်) စစ်ပြန်ထိုးလာနိုင်တဲ့ အနေအထားမျိုးရှိတယ်။ ဒါပေမယ့် MNDAA အနေနဲ့ကလည်း ဒါကိုတော့ အတတ်နိုင်ဆုံး ထိန်းချုပ်မယ်လို့ ထင်ပါတယ်။ ထိန်းမချုပ်ရင်လည်း အစောကြီးကတည်းက ပြောတယ်။ သိန္နီ သီပေါ နမ္မတူကတော့ (စစ်ကောင်စီ ထိုးစစ်ဆင်လာနိုင်မယ့် ထိန်းချုပ်နယ်မြေတွေ) အနီးဆုံးပေါ့” လို့ ဆိုပါတယ်။
ကိုးကန့်ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ ပိုင်ဆိုင်မှုတွေအပါအဝင် ဘဏ်စာရင်းတွေဟာ တရုတ်လက်ထဲရှိ နေတဲ့အတွက် MNDAA အနေနဲ့ မခံနိုင်တဲ့ ဖိအားတွေကြောင့် ဆုတ်ခွာရတာလို့ သူက ထောက်ပြပါတယ်။
လောလောဆယ်မှာ လားရှိုးမြို့ပေါ်ကနေ ကိုးကန်တပ်တွေ ပြန်လည်ဆုတ်ခွာပြီး စစ်ကောင်စီရဲ့ ဌာနဆိုင်ရာအဖွဲ့တွေ ဝင်ရောက်ကာ မြို့ကိုဘယ်လိုပုံစံနဲ့ အုပ်ချုပ်သွားမယ်ဆိုတာ နှစ်ဘက်အဖွဲ့က သ တင်းထုတ် ပြန်ထားတာ မရှိသေးပါဘူး။
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ လားရှိုးမြို့ကို MNDAA နဲ့ ပူးပေါင်းအဖွဲ့တွေက ၂၀၂၄ ခုနှစ် ဩဂုတ်လဆန်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး အုပ်ချုပ်ရေးလုပ်ငန်းတွေ အကောင်အထည်ဖော်ခဲ့ပါတယ်။
အဲဒီနောက်ပိုင်း တရုတ်အစိုးရဟာ ကိုးကန့်တပ် MNDAA အပါအဝင် စစ်ကောင်စီကို တော်လှန်နေတဲ့ မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို တိုက်ပွဲရပ်တန့်ဖို့ ဖိအားပေးခဲ့ပါတယ်။
MNDAA ကို ရေ၊ လျှပ်စစ်မီး၊ အင်တာနက်၊ စက်သုံးဆီ၊ အစားအသောက်၊ ဆေးဝါး၊ ဖြတ်သန်းသွားလာခွင့်စတဲ့ ဖြတ် ၅ ဖြတ်နဲ့ တရုတ်အစိုးရက ပိတ်ဆို့အရေးယူခဲ့ပြီး လားရှိုးမြို့ကနေ မဆုတ်မခြင်း ရုတ်သိမ်းပေးမှာမဟုတ်ဘူးလို့ သတိပေးခဲ့တာပါ။
အဲဒီအတွက်ကြောင့် နိုင်ငံရေးနည်းလမ်းအရ ဆွေးနွေးသွားမယ်လို့ MNDAA က ကြေညာချက်ထုတ်ပြန်ပြီး နောက်ပိုင်းဖြေလျှော့မှုတချို့ရခဲ့ကာ ဇန်နဝါရီမှာတော့ တရုတ်အစိုးရ ညှိနှိုင်းပေးမှုအရ ကူမင်းမြို့မှာ စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ဆွေးနွေးမှုရလဒ်အရ စစ်ကောင်စီနဲ့ ကိုးကန့်တပ် MNDAA တို့ ဇန်နဝါရီ ၁၈ ရက်နေ့မှာ နှစ်ဘက်အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ တရုတ်အစိုးရဘက်က ထုတ်ပြောခဲ့ပါတယ်။
ဒါပေမယ့် နှစ်ဘက်အဖွဲ့တာဝန်ရှိသူတွေကတော့ အပစ်ခတ်ရပ်စဲရေးနဲ့ပတ်သက်ပြီး တရားဝင် ထုတ်ပြောတာ မရှိပေမယ့် သဘောတူညီချက်အရ MNDAA ဟာ လားရှိုးမြို့ကနေ ဆုတ်ခွာရမယ်လို့ အဲဒီအချိန်ကတည်းက သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။
CDM ဗိုလ်ကြီး ဇင်ယော်ကတော့ စစ်ကောင်စီရဲ့ တောင်းဆိုမှုတွေ ဘယ်လောက်အထိ ရှိမယ်ဆိုတာ မသိပေမယ့် မြို့ပေါ်ရပ်ကွက်တွေကလွဲရင် ကျန်တဲ့ နေရာတွေမှာ ကိုးကန့်တပ်တွေ ဆက်ရှိနေမယ်လို့ ပြောပါတယ်။
“ကိုးကန့်တပ်တွေက တရုတ်ဖိအားကြောင့် ပြန်ပြီးတော့ ဆုတ်ရတာပေါ့။ စစ်ကောင်စီကလည်း ဘယ်လောက်အထိ တောင်းဆိုမှုတွေရှိလဲတော့ မသိဘူးပေါ့။ ဒါသူတို့လုပ်ပေးနိုင်တဲ့အထဲကနေ မလုပ်ပေးလို့ မရတော့ဘူး။ အသေးဆုံးဟာတစ်ခုကိုပဲ လုပ်ပေးလိုက်တာပေါ့။ ကျွန်တော်တို့ လားရှိုးမြို့ပေါ် ၁၂ ရပ်ကွက်မှာပဲ အုပ်ချုပ်ရမှာဖြစ်ပါတယ်။ မြို့အထွက် AD တံတား ဟိုဘက်ကို သူတို့ ကျော်လို့ မရပါဘူး။ ပြီးရင် ကျန်တဲ့ကျေးရွာတွေကလည်း ကိုးကန့်ရဲ့ အထူးဒေသ (၁) ထဲမှာပဲ ဆက်ရှိနေမှာ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။
ဒါကြောင့် MNDAA တပ်တွေ လားရှိုးမြို့ပေါ်ကနေ ဆုတ်ခွာရပေမယ့် မြို့ပြင်နဲ့ ကျေးရွာတွေမှာတော့ ဆက်လက်နေရာယူထားမှာဖြစ်လို့ စစ်ကောင်စီကတော့ ခေါင်းဝင်ကိုယ်ဆန့်ဗျူဟာကို သုံးလာမှာပဲလို့ ထောက်ပြပါတယ်။
ညီနောင်မဟာမိတ်အဖွဲ့ဝင် MNDAA အပါအဝင် TNLA နဲ့ AA တို့ ဘယ်လို ထိန်းချုပ်မယ်ဆိုတာ စောင့်ကြည့်ရမယ့် အနေအထားဖြစ်ပြီး လားရှိုးမြို့ကို လွှတ်ပေးလိုက်ရင်တော့ စစ်ကောင်စီက စစ်ဘောင်ထပ်ချဲ့လာမှာပဲလို့ သူက မှတ်ချက်ပြုပါတယ်။
လက်ရှိမှာတော့ ညီနောင်မဟာမိတ်သုံးဖွဲ့ဟာ အင်အားပြင်းလှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးတွေ ထိရောက်ဖို့ ဧပြီတစ်လအတွင်း ထိုးစစ်ဆင်တိုက် ခိုက်မှာ မဟုတ်ဘဲ အပစ်ခတ်ရပ်စဲထားတာပါ။
ဒါပေမယ့် ယာယီအပစ်ရပ်ကြေညာထားတဲ့ စစ်ကောင်စီတပ်ကတော့ ရှမ်းမြောက်နဲ့ ရခိုင်အပါ အဝင် အခြားဒေ သတွေမှာ အင်အားဖြည့်တင်းတာ၊ ထိုးစစ်ဆင်တာအပြင် လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လုပ်နေတယ်လို့ TNLA နဲ့ AA တို့က သတင်းထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MNDAA