ဘန်ကောက် ဧပြီ ၇
ငလျင်ကြီး လှုပ်ခတ်ပြီးတဲ့နောက် သေဆုံးသူ ဦးရေ ၃၀၀၀ ကျော်လာချိန်မှာ ငလျင်ဘေးသင့် မြန်မာကို ကမ္ဘာ့ကြီးက ထောက်ပံ့ကူညီကြဖို့ ကုလသမဂ္ဂအဖွဲ့ကြီးက တိုက်တွန်းလိုက်ပါတယ်။
တချိန်တည်းမှာပဲ အမေရိကန်နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီ USAID က အလုပ်သမား ၃ ဦးဟာ ငလျင်ဘေးသင့်ဇုန်ကို ရောက်ရှိပြီးတဲ့နောက် အလုပ်ထုတ်ခံရတဲ့ သတိပေးချက်တွေကို ရရှိခဲ့တဲ့အကြောင်း အရာရှိဟောင်းတစ်ယောက်က ထုတ်ဖော် ပြောဆိုထားပါတယ်။
၇ ဒသမ ၇ မဂ္ဂနီကျုရှိ ငလျင်ဗဟိုချက်အနီးက မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ မန္တလေးကို ရောက်လာတဲ့ ခရီးသဉ်အတွင်း ကုလအကူအညီပေးရေး အကြီးအကဲ တွမ်ဖလက်ချာက နိုင်ငံတကာ အကူအညီတွေ တောင်းခံထားပါတယ်။
အကြီးအကဲ တွမ်က “ပျက်စီးမှုက တုန်လှုပ်စရာကောင်းပါတယ်။ အသက်တွေ ဆုံးရှုံးတယ်။ အိုးအိမ်တွေ ပျက်စီးတယ်။ စားဝတ်နေရေးတွေ ပြိုပျက်သွားတယ်။ ဒါပေမယ့် ခံနိုင်ရည်အားကတော့ မယုံနိုင်လောက် အောင်ပါပဲ။ ကမ္ဘာကြီးက မြန်မာပြည်သူတွေရဲ့အနောက်မှာ စုစည်းရပါမယ်” လို့ သူ့ရဲ့ X လူမှုမီဒီယာအကောင့်မှာ ရေးပါတယ်။
တရုတ်၊ အိန္ဒိယနဲ့ အရှေ့တောင်အာရှနိုင်ငံတွေအပါအဝင် မြန်မာ့ အိမ်နီးချင်းတွေကလည်း လူဦးရေ ၂၈ သန်းလောက်နေထိုင်တဲ့ ငလျင်ဘေးသင့် ဒေသတွေမှာ ပြန်လည်ထူထောင်ရေး လုပ်ဆောင်မှုတွေကို ကူညီပေးဖို့ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာပဲ ကယ်ဆယ်ရေးပစ္စည်းတွေနဲ့ ကယ်ဆယ်ရေးသမားတွေကို ပို့လွှတ်ထားတာ တွေ့ရပါတယ်။
ကမ္ဘာ့ထိပ်တန်းလူသားစာနာ အကူအညီအလှူရှင် ဖြစ်ခဲ့ဖူးတဲ့ အမေရိကန်နိုင်ငံကတော့ ငလျင်ဒဏ်သင့် လူမှုအသိုက်အဝန်းကို ထောက်ပံ့ဖို့ မြန်မာနိုင်ငံဆီ အနည်းဆုံး ဒေါ်လာ ၉ သန်း လှူဒါန်းထားပါတယ်။
ဒါပေမယ့်လည်း လက်ရှိတာဝန်ထမ်းဆောင်ဆဲနဲ့ ယခင်အမေရိကန် အရာရှိဟောင်းတွေကတော့ နိုင်ငံခြားအကူအညီပေးရေး အစီအစဉ်ကို ရုပ်သိမ်းလိုက်တာဟာ တုံ့ပြန်ကူညီရေးမှာ နှောင့်နှေးမှုတွေဖြစ်စေတယ်လို့ ပြောဆိုထားပါတယ်။
ငလျင်လှုပ်ခတ်ပြီးနောက် မြန်မာနိုင်ငံကို ရောက်လာတဲ့ USAID ဝန်ထမ်း ၃ ယောက်ဟာ အလုပ်ထုတ်ခံရတဲ့အကြောင်း အကြောင်းကြားခံခဲ့ရတယ်လို့ အကြီးတန်းအရာရှိဟောင်း မာဆီယာ ဝေါင်က ရိုက်တာ သတင်းဌာနကို ပြောပါတယ်။
ကုလရဲ့ လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်နာမင်းကြီး ရုံးကတော့ စစ်အုပ်ချုပ်ရေးကို လက်မခံတဲ့ အသိုက်အဝန်းတွေရှိတဲ့ ငလျင်ဘေးသင့်နေရာတွေဆီ ထောက်ပံ့ရေးပစ္စည်းတွေ ပို့ဆောင်ဖို့ ကန့်သတ်ခံထားရတယ်လို့ ဧပြီ ၄ ရက်မှာ ပြောဆိုထားတာပါ။
ဧပြီ ၂ ရက်မှာ အပစ်အခတ်ရပ်စဲရေး ကြေညာခဲ့ပြီးတဲ့နောက် လေကြောင်းတိုက်ခိုက်မှု ၁၆ ကြိမ်အပါအဝင် ဆန့်ကျင်သူတွေကို စစ်ကောင်စီရဲ့ တိုက်ခိုက်မှုပေါင်း ၅၃ ခုကို စုံစမ်းစစ်ဆေးနေတယ်လို့လည်း အဲဒီရုံးက ပြောပါတယ်။
ကူညီကယ်ဆယ်ရေးအဖွဲ့ Free Burma Rangers ကတော့ အပစ်ရပ်ကြောင်း ကြေညာထားပေမယ့် ဧပြီ ၃ ရက်နဲ့ ၄ ရက်အတွင်း ကရင်နီပြည်နယ်နဲ့ ရှမ်းပြည်တောင်ပိုင်းတို့မှာ စစ်တပ်က ဗုံးကြဲချခဲ့ပြီး အနည်းဆုံး လူ ၅ ဦး သေဆုံးခဲ့ရတယ်လို့ ရိုက်တာသတင်းဌာနကို ပြောထားပါတယ်။
အဖွဲ့တည်ထောင်သူ ဒေးဗစ် အန်းဘတ်ရဲ့ အဆိုအရ သေဆုံးသူတွေဟာ အရပ်သားတွေဖြစ်ပြီး အပစ်အခတ်ရပ်စဲပြီးကတည်းက စစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၇ ဦး သေဆုံးခဲ့ရပြီး ဖြစ်တယ်လို့ သိရပါတယ်။
Ref:TheNation
ဓာတ်ပုံ – Social Media