မော်လမြိုင်၊ ဧပြီ ၇

နိုင်ငံတစ်ဝန်းမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြောင့် သေဆုံးသူ ၃၅၁၄ ဦးအထိ ရှိလာပြီး ဒဏ်ရာရသူ ၄၈၀၉ ဦး ရှိတယ်လို့ စစ်ကောင်စီက ဧပြီ ၆ ရက်နေ့ ညပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ပျောက်ဆုံးနေသူ ၂၁၀ ဦး ရှိပြီး ငလျင်ကြောင့် အပျက်အစီးတွေကြား ပိတ်မိနေသူ ၆၅၃ ဦးကိုတော့ အသက်ရှင်လျက် ရှာဖွေကယ်ဆယ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်ထိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ နေရာတွေမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေပြီး အခြားတစ်ဖက်မှာလည်း ကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် စစ်ကောင်စီရဲ့ ကန့်သတ်ချက်တွေ ရှိနေပါတယ်။

စစ်ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ကူညီကယ်ဆယ်ရေးအဖွဲ့တွေကို ကြိုတင် ခွင့်ပြုချက်တောင်းခံဖို့နဲ့ သီးခြား လွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်ခွင့် မပြုတော့ဘူးလို့ ပြောဆိုထားပါတယ်။

တစ်ဖက်မှာလည်း စစ်ကောင်စီရဲ့ ကျန်းမားဝန်ကြီးဌာနက ပတ်ဝန်းကျင် ရာသီဥတု အခြေအနေအရ အလှူရှင်တွေကို ပြင်ဆင်ချက်ပြုတ်ထားတဲ့ အစားအသောက်တွေကို လှူဒါန်းခြင်းမပြုဘဲ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးခြောက်စတဲ့ ရိက္ခာခြောက်တွေကို လှူဒါန်းကြဖို့ တိုက်တွန်းထားပါတယ်။

ပြင်ဆင်ချက်ပြုတ်ထားတဲ့ အစအသောက်တွေဟာ ချက်ချင်းစားသုံးခြင်းမရှိဘဲ သိုလှောင်သိမ်းဆည်းထားချိန် အစာအဆိပ်သင့်ဖြစ်စေတဲ့ ရောဂါပိုးမွှားတွေ ပေါက်ဖွားနိုင်ပြီး အဲဒီအစားအစာတွေကို စားသုံးမိပါက နောက်ဆက်တွဲ ရောဂါတွေ ဖြစ်ပွားနိုင်ကြောင့် ငလျင်ဒဏ်သင့် ပြည်သူတွေကို ထိခိုက်စေနိုင်တယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေကတော့ ငလျင်ကြောင့် အရေးပေါ်အကူအညီ လိုအပ်နေသူတွေဆီ လူသားချင်းစာနာမှုအကူအညီတွေ အမြန်ဆုံးရောက်နိုင်ဖို့ လွတ်လွတ်လပ်လပ် ခွင့်ပြုပေးဖို့ စစ်ကောင်စီကို တိုက်တွန်းနေကြပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.