မော်လမြိုင် ၊ ဧပြီ ၆
မွန်အမျိုးသားရေးဆိုင်ရာလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ အင်အားစုတွေ စုစည်းညီညွတ်စွာ ပူးပေါင်းနိုင်ရေး အမျိုးသားအဆင့် ပူးပေါင်းမှုဆိုင်ရာ အစုအဖွဲ့တစ်ရပ်ကို ဖွဲ့စည်းဖို့ ဆုံးဖြတ်ခဲ့တယ်လို့ မွန်အမျိုးသားညီလာခံအပြီးမှာ ကြေညာချက်ထုတ်ပြန်ပါတယ်။
မွန်အမျိုးသားညီလာခံကနေ အမျိုးသားအဆင့် ပူးပေါင်းဆောက်ရွက်မှုဆိုင်ရာ အစုအဖွဲ့တစ်ရပ်ကို ဖွဲ့စည်းအကောင်အထည်ဖော်သွားဖို့ တက်ရောက်လာကြတဲ့ ကိုယ်စားလှယ်တွေက တညီတညွတ်တည်း ဆွေးနွေးသဘောတူခဲ့တာလို့ ဆိုပါတယ်။
ဒါ့အပြင် သက်ဆိုင်ရာအဖွဲ့တွေက တင်ပြလာတဲ့ မွန်လူငယ်ရေးရာမူဝါဒနဲ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေးမူဝါဒ (မွန်) တို့ကိုလည်း အတည်ပြုနိုင်ခဲ့ပြီး ၂၀၂၅ မွန်အမျိုးသားညီလာခံကနေ ဆုံးဖြတ်ချက် ၉ ချက်နဲ့ ဂုဏ်ပြုမှတ်တမ်းတင်ခြင်း အချက်တစ်ချက်ကိုလည်း ဆုံးဖြတ်မှတ်တမ်းတင်နိုင်ခဲ့တာပါ။
ဒါပေမယ့် အဲဒီ ဆုံးဖြတ်ချက် ၉ ချက်နဲ့ပတ်သက်ပြီး ဘယ်လိုအကြောင်းအရာတွေ ပါဝင်တယ်ဆိုတာ ကြေညာချက်မှာ အသေးစိတ်ဖော်ပြထားတာ မတွေ့ရပါဘူး။
တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေက ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနဲ့ ပတ်သက်တဲ့ အခြေခံမူတွေနဲ့ ရာမညမွန်ပြည်ဖွဲ့စည်းပုံအခြေခံဥပဒေတို့ကို အကျေအလည်ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးတင်ပြချက်တွေ သဘောထားစုစည်းချက်တွေကို ညီလာခံက စနစ်တကျ မှတ်တမ်းတင်ခဲ့တယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။
မော်လမြိုင်မြို့ပေါ်မှာ လေးရက်တာကျင်းပပြီးစီးသွားတဲ့ ၂၀၂၅ မွန်အမျိုးသားညီလာခံမှာ မွန်သံဃာတော်အဖွဲ့တွေ၊ မွန်ပြည်သစ်ပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ မွန်တိုးတက်ရေးပါတီ ၊မွန်အရပ်ဘက်အဖွဲ့တွေ၊ဖိတ်ကြားသင့်တဲ့ ပုဂ္ဂိုလ်တွေ၊ ပြည်တွင်းပြည်ပ ကိုယ်စားလှယ်တချို့နဲ့ လေ့လာသူတွေ စုစုပေါင်း ၂၅၅ ဦး တက်ရောက်ခဲ့ကြတာပါ။
မွန်အမျိုးသားညီလာခံဟာ မွန်အမျိုးသားညီညွတ်ရေးကို တည်ဆောက်နိုင်ဖို့၊ ဖက်ဒရယ်ပြည်ထောင်စုအခြေခံမူနဲ့ ရာမညမွန်ပြည်ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆွေးနွေးသုံးသပ်နိုင်ဖို့ အပါအဝင် မွန်အမျိုးသားအဆင့်ဆိုင်ရာ ကဏ္ဍအသီးသီးက တင်ပြတဲ့ မူဝါဒတွေကို ဆွေးနွေးအတည်ပြုနိုင်ဖို့ ရည်ရွယ်ချက်တွေနဲ့ ကျင်းပခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မတ် ၂၈ ရက်နေ့က မြန်မာနိုင်ငံအလယ်ပိုင်းမှာ အင်အားပြင်းလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် အတိဒုက္ခရောက်ခဲ့ရသူတွေအတွက် လူသားချင်းစာနာမှုအကူအညီတွေ ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းတွေမှာ မွန်အမျိုးသားတွေ စုပေါင်းအားနဲ့ တတ်အားသရွှေ့ ကူညီသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
သံလွင်တိုင်းမ်
ဓာတ်ပုံ – NMSP