မကွေး ဧပြီ ၅

စစ်ကောင်စီက အပစ်ရပ်မယ်လို့ ကြေညာပြီး နောက်နေ့ကစလို့ မကွေးတိုင်း စေတုတ္တရာ၊ ပွင့်ဖြူနဲ့ စလင်းမြို့နယ်တွေမှာ လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ စစ်ကြောင်းထိုးတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧပြီ ၂ ရက်မှာ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က အပစ်ရပ်မယ်လို့ ​ကြေညာပြီး​တဲ့နောက် ဧပြီ ၃ ရက်မှာ စလင်းမြို့နယ်ကို အင်အား ၂၅၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးနေတာပါ။

“အပစ်ရပ်တယ်ဆိုလို့ အိမ်ပြန်နေရမယ်မှတ်တာ။ မနေ့က (ဧပြီ ၃ ရက်) ပဲ စစ်ကြောင်းထိုးတယ်။ လက်နက်ကြီးတွေနဲ့ ပစ်တယ်။ ဒီနေ့လည်း ပစ်နေတုန်းပဲ။ ဘာမှထူးခြားသွားတာ မရှိပါဘူး။” လို့ ဒေသခံတစ်ဦးကသံလွင်တိုင်းမ်ကို ပြောပါတယ်။

ပွင့်ဖြူမြို့နယ် ကျောင်းကုန်းကြီးကျေးရွာမှ ပျူစောထီးနဲ့ စစ်ကောင်စီပူးပေါင်းအင်အားတွေကလည်း ရေပုတ်ကလေးကျေးရွာဘက်ကိုလက်နက်ကြီးတွေနဲ့ ဧပြီ ၃ ရက်မှာ ပစ်ခတ်မှုတွေ ရှိခဲ့ပါတယ်။

ဒါ့အပြင် ဧပြီ ၄ ရက် မနက်ပိုင်းမှာလည်း စေတုတ္တရာမြို့နယ် ကူတော်ရွာကနေ မုန်ညှင်းကျေးရွာဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေပါတယ်။

မတ် ၂၈ ရက်မှာ ငလျင်လှုပ်ခတ်ပြီး နောက်ပိုင်း စစ်ကောင်စီက စလင်းမြို့နယ်က တညောင်၊ သစ်ခေါက်တောင်ရွာကို လေကြောင်းတိုက်ခိုက်မှု ဆယ်ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပါသေးတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.