“အပစ်ခတ်ရပ်စဲထားတဲ့ အချိန်မှာ စစ်ရေးအရလှုပ်ရှားမှုတွေ မလုပ်ဖို့ လက်နက်နဲ့လူသူ စုဆောင်းမှုတွေ စစ်ရေးသက်ဆိုင်တာတွေ မလုပ်ဖို့ကိုလည်း ကန့်သတ်ထားတယ်။ လုပ်တယ်လို့ သိတယ်ဆိုရင်လည်း သူ့အနေနဲ့ တိုက်ခိုက်မယ်ဆိုတာလည်း သူပြောထားတယ်။ ဒါက စစ်ရေး၊ နိုင်ငံရေးအရ သူ့အနေနဲ့ အသာစီးရတယ်လို့ ယူဆပြီး တုံ့ပြန်မှုတစ်ခုအဖြစ် မြင်ရတယ်” – ဒေါက်တာ စိုင်းကြည်ဇင်စိုး

မြန်မာနိုင်ငံမှာ မတ် ၂၈ ရက်က ငလျင်ကြီး လှုပ်ခတ်ပြီးတဲ့နောက် လူသေဆုံးမှုနဲ့ ပျက်စီးဆုံးရှုံးမှု အရေအတွက် များပြားခဲ့ပါတယ်။ လက်ရှိအနေအထားမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့အပါအဝင် စစ်ကောင်စီကပါ ယာယီအပစ်အခတ်ရပ်စဲကြောင်း ရှေ့ဆင့်နောက်ဆင့် ကြေညာလာခဲ့ကြပါတယ်။

ဒါပေမယ့် အပစ်ရပ်ကြေညာပြီးနောက်ပိုင်းမှာလည်း စစ်ကောင်စီက ဒေသတချို့မှာ လေကြောင်းတိုက်ခိုက်မှုတွေ၊ စစ်ကြောင်းထိုး တိုက်ခိုက်မှုတွေ ရှိနေတယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တချို့နဲ့ ဒေသကာကွယ်ရေးအဖွဲ့တချို့က ပြောဆိုထားပါတယ်။

ငလျင်ဘေးဒဏ်သင့်နေပေမယ့် ထိုင်းဝန်ကြီးချုပ် သဘာပတိအဖြစ် ဦးဆောင်ကျင်းပတဲ့ ဘန်ကောက်မြို့က ဘင်းမ်စတက်အစည်းအဝေးကိုလည်း စစ်ခေါင်းဆောင် တက်ရောက်ခဲ့ပြီး ငလျင်ဘေးကိစ္စတွေ တင်ပြဆွေးနွေးခဲ့တာရှိပါတယ်။

ငလျင်ဘေးသင့်မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေး စစ်ရေးအနေအထားက ဘယ်လိုရှိနေပါသလဲ။ လွန်ခဲ့တဲ့ ဘင်းမ်စတက် အစည်းအဝေးမှာ နိုင်ငံရေးအကြောင်းအရာတွေ ဆွေးနွေးခဲ့နိုင်မလား။ စစ်ကောင်စီ ကြေညာတဲ့ အပစ်ရပ် ကြေညာချက်ကရော ရေရှည်တည်တံ့ပါ့မလားဆိုတာတွေ သိရဖို့ မြန်မာ့အရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးနဲ့ သံလွင်တိုင်းမ်က အခုလိုပဲ မေးမြန်းထားပါတယ်။

မေး – ငလျင်လှုပ်ခတ်ပြီးတဲ့နောက် NUG နဲ့ ညီနောင်သုံးဖွဲ့က တစ်ဖက်သတ် အပစ်ခတ်ရပ်စဲတယ်လို့ ကြေညာထားပါတယ်။ နောက်ပြီး နောင်ချိုမှာ တရုတ်ကူညီထောက်ပံ့ရေး ယာဉ်တန်းကို စစ်ကောင်စီဘက်က ပစ်ခတ်လာတာရှိပါတယ်။ အဲဒီနောက် စစ်ကောင်စီကပဲ ရက် ၂၀ ကြာ ယာယီ အပစ်ရပ်မယ်လို့ ကြေညာလာပါတယ်။ လက်ရှိ ဘင်းမ်စတက်အစည်းအဝေးလည်း လုပ်ခဲ့တာဆိုတော့ ဒီလိုအခြေအနေတွေကြားမှာ စစ်ကောင်စီဘက်က ဘယ်လို နိုင်ငံရေး လှုပ်ရှားမှုတွေ လုပ်လာနိုင်မလဲ။

ဖြေ – အပစ်ခတ်ရပ်စဲဖို့ဆိုတာ လိုအပ်ချက်တစ်ခုဖြစ်တာပေါ့။ ငလျင်နဲ့ပက်သက်ပြီးတော့ နိုင်ငံတကာနဲ့ ကမ္ဘာ့နိုင်ငံအတော်များများက မီဒီယာတွေက မြန်မာနိုင်ငံက ငလျင်နဲ့ပတ်သက်ပြီးတော့ တော်တော်များများ ဖော်ပြကြတာလည်း တွေ့ရတယ်။

ပြီးတော့ USAID ဖျက်သိမ်းတဲ့ နောက်ဆက်တွဲမှာ ဒီလိုမျိုး ကူညီကယ်ဆယ်ရေးပိုင်းတွေမှာ လစ်ဟာမှုတွေ အများကြီး ရှိတယ်ဆိုပြီး ထောက်ပြ ဝေဖန်ကြတာတွေလည်း ရှိတယ်။

အဲဒါတွေနဲ့တပြိုင်နက် ဒီလိုမျိုးဖြစ်သွားတော့ တုံ့ပြန်ဖို့ လိုတယ်။ချက်ချင်းပေါ့။ US ဘက်က ဖြတ်သွားတဲ့ ဘတ်ဂျတ် ငွေကြေးလျော့သွားတဲ့အတွက်ကြောင့် တခြား အားဖြည့်ဖို့ ကူညီဖို့ လိုတယ်ဆိုတာလည်း ပြောကြတယ်။

မြန်မာက စစ်ဖြစ်နေတဲ့ လေးနှစ်တာကာလမှာ လူသားချင်းစာနာမှု လိုနေတဲ့အချိန် တခြားထိခိုက်နစ်နာမှုတွေ အသက်သေဆုံးမှုတွေ ဖြစ်နေတဲ့အချိန် သတင်းတွေကိုလည်း သူတို့တော်တော်များများ ဖော်ပြကြတယ်။ ချက်ချင်းတုံ့ပြန်ဖို့ လိုတယ်ပေါ့။

တဖက်မှာက ဒီလိုမျိုး ဖြစ်လာတဲ့ အချိန်ကို စစ်ကောင်စီအနေနဲ့ စစ်ရေးအရ နိုင်ငံရေးအရ အသာစီးရနိုင်ဖို့ ကြိုးစားတာလည်း တွေ့ရတယ်။ အထူးသဖြင့် ဒီလိုမျိုး ငလျင်လှုပ်တဲ့အချိန်မှာလည်း လေယာဉ်နဲ့ဗုံးကြဲတဲ့ တိုက်ခိုက်မှုတွေ ရှိနေသေးတယ်ဆိုတာလည်း‌ တွေ့ရတယ်။

တဖက်မှာလည်း ကူညီကယ်ဆယ်ရေးလုပ်တဲ့အချိန်တွေမှာ ကန့်သတ်မှုတွေရှိပြီးတော့ နိုင်ငံရေး၊ စစ်ရေးအရ ပြန်လည်စုစည်းမှု ပြန်လည်တုံ့ပြန်မှုတွေ လုပ်လာမယ့်ကိစ္စကို သူတို့အနေနဲ့ သေသေချာချာကာကွယ်ဖို့ လိုအပ်မယ်ဆိုတဲ့ ပုံစံနဲ့တုံ့ပြန်နေတယ်ဆိုတာလည်း တွေ့ရတယ်။

တချိန်ထဲမှာလည်း တဖက်က အပစ်ခတ်ရပ်စဲဖို့ ပြောတဲ့အခါ သူတို့အနေနဲ့ဒီအချိန်မှာ မလျော့နိုင်ဘူး။ သူတို့အနေနဲ့ အသာစီးရအောင် လုပ်မယ်ဆိုတဲ့ စဉ်းစားမှု ရှိပုံရတယ်။ အဲဒီကနေ နောက်ဆက်တွဲ ဒီလိုဖြစ်သွားတဲ့ အထူးသဖြင့် TNLA တရုတ်ယာဉ်တန်းနဲ့ ထိတွေ့မှု ဖြစ်ပွားပြီးနောက်မှာ ဒီဟာအခုပေါ်လာတယ်ပေါ့။

ပေါ်လာတာက ဒီဟာပေါ်မူတည်ပြီး သူ့ရဲ့ကန့်သတ်ချက်တွေလည်း ရှိတယ်ဆိုတာ သတိထားမိတယ်။ အထူးသဖြင့် အပစ်ခတ်ရပ်စဲထားတဲ့ အချိန်မှာ စစ်ရေးအရလှုပ်ရှားမှုတွေ မလုပ်ဖို့ လက်နက်နဲ့လူသူ စုဆောင်းမှုတွေ စစ်ရေးသက်ဆိုင်တာတွေ မလုပ်ဖို့ကိုလည်း ကန့်သတ်ထားတယ်။ လုပ်တယ်လို့ သိတယ်ဆိုရင်လည်း သူ့အနေနဲ့ တိုက်ခိုက်မယ်ဆိုတာလည်း သူပြောထားတယ်။ ဒါက စစ်ရေး၊ နိုင်ငံရေးအရ သူ့အနေနဲ့ အသာစီးရတယ်လို့ ယူဆပြီး တုံ့ပြန်မှုတစ်ခုအဖြစ် မြင်ရတယ်။

တဖက်မှာ အာရှဒေသတွင်းမှာ ချိတ်ဆက်လုပ်ဆောင်ဖို့ လိုအပ်တဲ့ လိုအပ်ချက်အဖြစ် နားလည်ထားတယ်။ နောက်တဖက်မှာလည်း BIMSTEC မလာခင် စစ်ကောင်စီနဲ့ထိတွေ့ဖို့ လိုအပ်တယ်ဆိုတဲ့ ယူဆချက်တွေနဲ့ထိုင်းနိုင်ငံကရော တရုတ်နိုင်ငံကရော ထိတွေ့ဆက်ဆံမှုတွေ မြန်မာ့အရေးတည်ငြိမ်ဖို့ဆိုတဲ့ဟာတွေ သူတို့ကြိုးစားတာတွေလည်း ရှိတယ်။

အဲဒါရဲ့နောက်ဆက်တွဲမှာ သူတို့ တွေ့ဆုံညှိနှိုင်းမှုတွေ အထူးသဖြင့် ကုန်သွယ်မှုပိုင်းဆိုင်ရာ ချိတ်ဆက်ပြီးတော့ သူတို့အနေနဲ့ ညှိနှိုင်းဆွေးနွေးမှုဆိုတဲ့ စဉ်းစားမှုနဲ့ လုပ်တယ်။ လုပ်ပေမယ့်လည်း မနေ့ကနဲ့တနေ့က တောက်လျောက်ကတော့ ထိုင်းနိုင်ငံတွင်းမှာလည်း နိုင်ငံရေးအရ ထိုင်းက ကျားဖြန့်ကိစ္စနဲ့ပက်သက်ပြီး တရုတ်ဝိဂါတွေကို ပြန်လွှတ်လိုက်တဲ့ကိစ္စနဲ့ မူတည်ပြီး အမေရိကန်က ပိတ်ဆို့တဲ့ကိစ္စတွေ တခြား ထရန့်ရဲ့ တုံ့ပြန်မှုတွေ ရှိတဲ့အချိန်မှာ သူတို့အနေနဲ့ သတိထားနေရတဲ့အချိန်မှာ နိုင်ငံရေးရပ်တည်ချက်နဲ့ နိုင်ငံတကာရေးရာနဲ့ပတ်သက်ပြီး သတိထားနေရတဲ့ အခြေအနေဖြစ်တဲ့အတွက်ကြောင့် စစ်ခေါင်းဆောင်ကို မဖိတ်ဖို့ မခေါ်ဖို့ လက်မခံဖို့ ပြောတာဆိုတာလည်း ရှိတယ်။

သူတို့အနေနဲ့ စဉ်းစားတွက်ချက်လုပ်ထားတဲ့ အနေအထားရှိတော့ အခုဖိတ်ခေါ်ထားပြီးသားကို မပြင်ဘဲနဲ့ ခေါ်လိုက်ရတယ်ပေါ့။

မေး – ဘင်းမ်စတက်အစည်းအဝေးမှာ မြန်မာနိုင်ငံမှာ လက်ရှိ ကြုံနေရတဲ့ ငလျင်ဘေးအတွက် တုံ့ပြန်ကူညီရေးကိစ္စတွေ ဆွေးနွေးမယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ပါတယ်။ ဒီအချိန်မှာပဲ မြန်မာနိုင်ငံက ဘက်တွေအားလုံးမှာ နှစ်ဖက်အပစ်ရပ်ကြဖို့ တိုက်တွန်းတာတွေလည်း ရှိနေတယ်ဆိုတော့ အစည်းအဝေးမှာ မြန်မာ့အရေးနဲ့ပတ်သက်လို့ တစ်စုံတရာ ဆွေးနွေးလာနိုင်မလား။

ဖြေ – တရားဝင်ဘင်းမ်စတက်မှာတော့ နိုင်ငံရေးအရ အများကြီးဆွေးနွေးမယ်လို့ ကျွန်တော့်အနေနဲ့ မထင်ဘူး။ ရည်ရွယ်ချက်နဲ့တခြားအကြောင်းတွေရှိတော့လေ။ ဘင်းမ်စတက် ခေါင်းဆောင်တွေနဲ့ အလွတ်တန်းသဘော ညှိနှိုင်းတာမျိုးတော့ ရှိကောင်းရှိနိုင်ပါတယ်။

မေး – စစ်ကောင်စီက လက်ရှိကြေညာထားတဲ့ ယာယီအပစ်အခတ်ရပ်စဲရေး ကြေညာချက်က သူတို့ကြေညာသလို တည်နိုင်ပါ့မလား။

ဖြေ – အခုသိရသလောက် နေပြည်တော်လည်း အပျက်အစီးများတယ်။ နေပြည်တော်ဆိုတာ စစ်ကောင်စီရဲ့ အုပ်ချုပ်မှုယန္တရား အခြေစိုက်ရာမြို့လည်း ဖြစ်တယ်။ အဲဒီအတွက် သူ့အနေနဲ့တုံ့ပြန်ချက်တွေ လိုအပ်နေတဲ့ လိုအပ်ချက် ရှိတယ်။

တဖက်မှာက တော်လှန်ရေးအရ စုစည်းမှုအားကောင်းနေတဲ့ ဒေသ NUG ရဲ့အခြေစိုက် အခြေပြုဖို့ ကြိုးစားနေတဲ့ ဒေသလည်း ဖြစ်တဲ့အတွက်ကြောင့် သူ့အနေနဲ့ ထိန်းချုပ်ဖို့ ဒါမှမဟုတ် ပြန်ပြီးတော့ သိမ်းယူ ထိန်းချုပ်နိုင်ဖို့ လိုအပ်တယ်ဆိုတဲ့ ဆုံးဖြတ်ချက်လည်း သူ့အနေနဲ့ရှိတယ်။

အဲဒီကြားထဲမှာ ရက် ၂၀ အတွင်းမှာတော့ ဖြစ်နိုင်တာ သူ့အနေနဲ့ လှုပ်ရှားမှုတစ်ခုခု ရှိနေတယ်ဆိုတဲ့ဟာမျိုးတွေနဲ့ ပက်သက်ပြီး စွပ်စွဲပြီး တိုက်တာခိုက်တာမျိုးတော့ ရှိကောင်းရှိနိုင်တယ်။ ဒါပေမယ့် တတ်နိုင်သလောက်တော့ ရှောင်လိမ့်မယ်လို့ ယူဆလို့ ရတယ်။ အထူးသဖြင့် နိုင်ငံတကာရဲ့ ကူညီကယ်ဆယ်ရေးနဲ့ဝင်လာပြီး သူနဲ့ပူးပေါင်းပြီး ကူညီကယ်ဆယ်ရေးကို လုပ်ဖို့အတွက် သူ့အနေနဲ့ ကြိုးစားကောင်း ကြိုးစားမယ်။

ဒါပေမယ့် တပ်အပ်တော့ ပြောလို့မရဘူး။ ဘယ်အခြေအနေပေါ် စဉ်းစားလို့ရလည်းဆို ၂၀၀၈ နာဂစ်ဖြစ်တဲ့အချိန်မှာ စစ်တပ်ကနေ ကူညီကယ်ဆယ်ရေးနဲ့ဆိုင်တဲ့ ဘေးအန္တရယ်ကယ်ဆယ်ရေးနဲ့ဆိုင်တာတွေ သူတို့ဖွဲ့ပြီး လုပ်ခြင်းအားဖြင့် နိုင်ငံတကာအေဂျင်စီတွေနဲ့ ဆက်ဆံရေး သူအနေနဲ့ တဖြည်းဖြည်း ဆွဲတင်သွားခဲ့ဖူးတာတော့ ရှိခဲ့တယ်။ အဲဒီလိုပုံစံမျိုး လုပ်လို့ရနိုင်တယ်လို့ ယူဆကောင်းယူဆနေတဲ့ လူတွေလည်းရှိတယ်လို့ ပြောလို့ရနိုင်တယ်ခင်ဗျ။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.