အိုတာဝါ၊ မတ် ၂၈
စစ်ရေး ပူးပေါင်းဆောင်ရွက်ရေး၊ လုံခြုံရေး တင်းကြပ်ရေး၊ နှစ်နိုင်ငံ စီးပွားရေး ပေါင်းစည်းမှု ပိုမိုနက်ရှိုင်းစေရေးအပေါ် အခြေခံတဲ့ အမေရိကန်နဲ့ကနေဒါရဲ့ အရင်က ရှိခဲ့တဲ့ ဆက်ဆံရေး ပြီးဆုံးသွားပြီလို့ ကနေဒါဝန်ကြီးချုပ် မက် ကာနေက ပြောကြားလိုက်ပါတယ်။
အစိုးရအဖွဲ့ အစည်းအဝေးပြီးနောက် အိုတာဝါမြို့မှာ သတင်းထောက်တွေနဲ့တွေ့ဆုံချိန် ဝန်ကြီးချုပ် ကာနေက အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်ရဲ့ အခွန်တွေနဲ့ ရင်ဆိုင်နေရချိန်မှာ ကနေဒါနိုင်ငံသားတွေအနေနဲ့ မိမိတို့ရဲ့ စီးပွားရေးကို အခြေခံကျကျ ပြန်လည် စိတ်ကူးပုံဖော်ကြရမယ်လို့ ပြောဆိုလာတာပါ။

ကနေဒါအနေနဲ့ အမေရိကန်အပေါ် အမြင့်မားဆုံး သက်ရောက်မှု ရှိစေမယ့် လက်တုံ့ပြန်ရေးအတွက် အခွန်တွေနဲ့တုံ့ပြန်သွားမှာ ဖြစ်တယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။
အမေရိကန်သို့ တင်သွင်းတဲ့ မော်တော်ယာဉ်တွေနဲ့ ယာဉ်အစိတ်အပိုင်းတွေအပေါ် အခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံသွားမှာဖြစ်ကြောင်း၊ ဒါဟာ အမြဲတမ်းအတွက် ဖြစ်ကြောင်း သမ္မတ ထရန့်က မတ် ၂၆ ရက်မှာ ပြောဆိုခဲ့တာပါ။
လစ်ဘရယ်ပါတီ ခေါင်းဆောင် ဝန်ကြီးချုပ် ကာနေက ၁၉၆၅ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့တဲ့ ကနေဒါ-အမေရိကန် မော်တော်ယာဉ် ထုတ်ကုန်များဆိုင်ရာ မူလသဘောတူညီမှုဟာ သူ့ရဲ့ ဘဝတစ်သက်တာမှာ အရေးအကြီးဆုံး သဘောတူညီမှု ဖြစ်တယ်လို့ ပြောပါတယ်။
ဒီသဘောတူညီမှုဟာ အခွန် ကောက်ခံမှုတွေနဲ့အတူ ပြီးဆုံးသွားခဲ့ပြီ ဖြစ်တယ်လို့ ဝန်ကြီးချုပ် ကာနေက ပြင်သစ်ဘာသာနဲ့ ပြောဆိုထားပါတယ်။
ကနေဒါအနေနဲ့ မိမိတို့နိုင်ငံသားတွေ ထိန်းချုပ်နိုင်မယ့် စီးပွားရေး တစ်ရပ် တည်ဆောက်ဖို့ လိုအပ်နေကြောင်း၊ တခြား လက်တွဲဖော်တွေနဲ့ မိမိတို့ရဲ့ စီးပွားရေးဆိုင်ရာ ဆက်ဆံရေးတွေကိုလည်း ပြန်လည် စဉ်းစားဖို့ လိုအပ်တယ်လို့ ကနေဒါ ဝန်ကြီးချုပ်က ပြောပါတယ်။

ဒန်သတ္တုနဲ့ သံမဏိသွင်းကုန် အားလုံးအပေါ် အခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံတာ အပါအဝင် ကနေဒါသွင်းကုန်တွေအပေါ် အမေရိကန်က အားလုံးခြုံပြီး အခွန် ၂၆ ရာခိုင်နှုန်း ပြဌာန်းကြောင်း တစ်စိတ်တစ်ပိုင်း ကြေညာထားပြီး ဖြစ်ပါတယ်။
ကနေဒါကလည်း လက်တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်ကုန်ပစ္စည်းတွေ အပေါ် အခွန်တိုးကောက်မှာ ဖြစ်ကြောင်း ကြေညာထားပါတယ်။
ကုန်သွယ်ရေး စစ်ပွဲအတွင်း အမေရိကန်ကို တားဆီးရေး ကနေဒါနဲ့အီးယူ လက်တွဲ ဆောင်ရွက်မှု မလုပ်ကြဖို့ သမ္မတ ထရန့်က မတ် ၂၇ ရက်မှာ သတိပေးခဲ့ပါတယ်။
တကယ်လို့ ဥရောပသမဂ္ဂ(အီးယူ)နဲ့ ကနေဒါ ပူးပေါင်းပြီး အမေရိကန် စီးပွားရေးကို ထိခိုက်အောင်လုပ်မယ်ဆိုရင် အခုထက် အများကြီး ပိုများတဲ့ အခွန်တွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ထရန့်က ခြိမ်းခြောက်ထားပါတယ်။
အမေရိကန်က အခွန် တိုးကောက်တဲ့ လုပ်ရပ်တွေဟာ အရင်းနီးဆုံး မဟာမိတ်အပေါ် သစ္စာဖောက်မှု ဖြစ်တယ်လို့ ဝန်ကြီးချုပ် ကာနေက ပြောဆိုထားတာ ဖြစ်ပါတယ်။
Ref:BBC