ဘန်ကောက်၊ မတ် ၂၈

ထိုင်းအစိုးရက နိုင်ငံခြားခရီးသွားတွေကို ပိုမို ဆွဲဆောင်နိုင်ရေးနဲ့ အဓိက လောင်းကစား လုပ်ငန်းနယ်ပယ် တစ်ခု တည်ဆောက်ရေး ကြိုးပမ်းနေချိန် ကာစီနိုနဲ့ ဖျော်ဖြေရေးလုပ်ငန်းတွေ ဖွင့်လှစ်ခွင့်ပြုမယ့် ဥပဒေကြမ်းကို မတ် ၂၇ ရက်မှာ အတည်ပြုလိုက်ပါတယ်။

အစိုးရထိန်းချုပ်ထားတဲ့ မြင်းပြိုင်ပွဲ၊ ထီနဲ့ တချို့သော အားကစားတွေက လွဲလို့ ထိုင်းမှာ လောင်းကစား အများစုကို တားမြစ်ထားပေမယ့် အစိုးရ အဆက်ဆက်က နိုင်ငံခြားဧည့်သည်များ ပိုမို လာရောက်စေရေး၊ အလုပ်အကိုင် ဖန်တီးရေးနဲ့ နိုင်ငံ့ဝင်ငွေ တိုးတက်လာစေရေး ကာစီနို လုပ်ငန်းတွေ ဖွင့်လှစ်ခွင့်ပေးဖို့ တွန်းအားပေးခဲ့ကြပါတယ်။

ဒါပေမဲ့ အစိုးရအဖွဲ့က အတည်ပြုလိုက်တဲ့ နောက်ဆုံး ဥပဒေကြမ်းမှာ ထိုင်းနိုင်ငံသား အများစုအတွက် ကာစီနို သွားကစားခွင့်ရရှိဖို့ ကန့်သတ်ချက်တွေ အများကြီး ရှိနေပါတယ်။

ကာစီနိုရုံသို့ ဝင်ခွင့်အတွက် ဘတ် ၅၀၀၀ ပေးရမှာ ဖြစ်ပြီး ဘဏ်မှာ ကြိုတင်အပ်ထားတဲ့ ငွေ ဘတ် သန်း ၅၀ အနည်းဆုံး ရှိကြောင်း သက်သေပြဖို့ လိုအပ်တဲ့အတွက် ထိုင်းနိုင်ငံသားအများစုဟာ ကာစီနိုရုံထဲ ဝင်ဖို့တောင် ကန့်သတ်ချက်တွေ အများကြီး ရှိနေပါတယ်။

နောက်ထပ် ကန့်သတ်ချက်တစ်ခုအနေနဲ့ ဖျော်ဖြေရေး အဆောက်အဦ တစ်ခုမှာ ကာစီနိုလုပ်ငန်းရဲ့ အကျယ်အဝန်းဟာ ၁၀ ရာခိုင်နှုန်းပဲ ရှိရမယ်ဆိုတဲ့ ကန့်သတ်ချက်ပဲ ဖြစ်ပါတယ်။

အဲဒီ ဥပဒေကြမ်းကို အောက်လွှတ်တော်ဆီ တင်ပြသွားမှာ ဖြစ်ပြီး အတည်ပြုခဲ့ရင် အထက်လွှတ်တော်နဲ့ ထိုင်းဘုရင်ရဲ့ ခွင့်ပြုချက်လည်း လိုအပ်မှာ ဖြစ်ပါတယ်။

လွှတ်တော်က အပြီးသတ် ဆုံးဖြတ်ရမှာ ဖြစ်တဲ့အတွက် အဲဒီ ဥပဒေပါ သတ်မှတ်ချက် အသေးစိတ်ကို နောက်ဆုံး အပြီးသတ် သတ်မှတ်ချက်လို့ ယူဆလို့ မရကြောင်း ဝန်ကြီးချုပ် ပေသွန်ထန် ရှင်နာဝါထရာက သတင်းထောက်တွေကို ပြောကြားထားပါတယ်။

လူပြိန်းကြိုက် ဖူထိုင်းပါတီ ဦးဆောင်တဲ့ အစိုးရက အဲဒီ ဥပဒေ အသက်ဝင်လာရင် နှစ်စဉ် နိုင်ငံခြားသား ဝင်ရောက်မှု ၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်း ပိုများလာမှာ ဖြစ်ပြီး အဲဒီ လုပ်ငန်းတွေအတွက် ဘတ် ၁၀၀ ဘီလီယံ အနည်းဆုံး ရင်းနှီးမြှုပ်နှံမှု ရှိလာနိုင်တယ်လို့ ပြောပါတယ်။

ကာစီနိုနဲ့ဖျော်ဖြေရေး လုပ်ငန်းတွေကနေ တစ်နှစ်ဝင်ငွေ ဘတ် ၁၂ ဘီလီယံကျော် ရရှိနိုင်တယ်လို့လည်း ထိုင်းအစိုးရက ခန့်မှန်းထားပါတယ်။

ထိုင်းမှာ လောင်းကစားလုပ်ငန်း အများစုကို တရားမဝင်ဘူးလို့ သတ်မှတ်ထားပေမယ့် တရားမဝင် ဖွင့်လှစ် လုပ်ကိုင်နေကြတာ နှစ်တွေ အများကြီး ကြာခဲ့ပြီ ဖြစ်ပါတယ်။

အရှေ့တောင်အာရှက နိုင်ငံတချို့မှာ ကာစီနိုလုပ်ငန်းကို တရားဝင် ခွင့်ပြုထားပေမယ့် ချမ်းသာတဲ့ စင်ကာပူ တစ်နိုင်ငံပဲ နိုင်ငံတကာ ကာစီနို လုပ်ငန်းကြီးတွေကို လက်ခံထားနိုင်တာ ဖြစ်ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.