နေပြည်တော် ၊ မတ် ၂၈

အာဏာသိမ်းစစ်ကောင်စီ ဦးဆောင်ကျင်းပခဲ့တဲ့ နေပြည်တော် ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ ရေရှည်ငြိမ်းချမ်းရေး တည်တံ့ဖို့အတွက် အများကြီးအထောက်အကူ ဖြစ်တယ်လို့ မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် နိုင်အောင်မငေးက ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ နိုင်ငံရေးအခြေအနေ မတည်ငြိမ်တဲ့ကြားက နေပြည်တော်မှာ ငြိမ်းချမ်ရေးဆွေးနွေးပွဲ ခေါင်းစဉ်နဲ့ မတ်လ ၂၄ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ သုံးရက်တာ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါတယ်။

အဲဒီဆွေးနွေးပွဲပြီးနောက် နိုင်အောင်မငေးက သုံးရက်တာ ဆွေးနွေးပွဲဟာ ငြိမ်းချမ်းရေးအတွက် အ များကြီး အထောက်အကူဖြစ်သလို ရေရှည်ငြိမ်းချမ်းရေးတည်တံ့ဖို့အတွက်လည်း အများကြီး အထောက်အကူ ဖြစ်တယ်လို့ စစ်ကောင်စီ ဝါဒဖြန့်မီဒီယာတွေရဲ့ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့တာပါ။

ဒါ့အပြင် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးရေးတွေဟာ တစ်ခုနဲ့ တစ်ခု ဆက်စပ်နေတာကြောင့် သုံးရက်တာဆွေးနွေးပွဲ တက်ရောက်ရတဲ့အပေါ် မိမိတို့အတွက် အများကြီး အထောက်အကူ ဖြစ်သလို ဆွေးနွေးပွဲက သိရတဲ့အချက်အလက်တွေကိုလည်း ပြည်သူတွေနဲ့ပါတီကို ပြန်ပြီးတော့ ဝေမျှပေးသွားမယ်ဆိုရင် ပိုပြီးအကျိုးရှိမယ်လို့ ပြောဆိုခဲ့တာပါ။

ခွဲထွက်အဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP AD ပြောခွင့်ရ နိုင်ကောင်းစကားကတော့ နေပြည်တော်ဆွေးနွေးပွဲ မွန်ပြည်သစ်ပါတီ တက်ရောက်မှုဟာ ၁၁ ကြိမ်မြောက် ပါတီညီလာခံ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်တာလို့ ဝေဖန်ထားပါတယ်။

စစ်ကောင်စီကတော့ ငြိမ်းချမ်းရေး စကားဝိုင်း ပြုလုပ်ရတာဟာ ငြိမ်ချမ်းရေး လုပ်ငန်းစဉ်ပေါ်မှာ ကဏ္ဍအသီးသီးမှ ထင်ပေါ် ကျော်ကြားသူတွေ၊ အသိပညာရှင် အတတ်ပညာရှင်တွေက ပိုမိုအာရုံ စိုက် ပါဝင်လုပ်ဆောင်လာနိုင်စေဖို့ ရည်ရွယ်တယ်လို့ ဆိုထားပါတယ်။

စစ်ကောင်စီကပြုလုပ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုတော့ စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွှတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီဝင်တွေ၊ JMC ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီတွေ၊ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအပြင် ဖိတ်ကြားထားသူတွေ တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.