ရေဖြူ၊ မတ် ၂၈

တနင်္သာရီတိုင်း ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန်အနီးမှာ စစ်ကောင်စီတပ်နဲ့ တော်လှန် ရေး တပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။

ထားဝယ်ရေနက်ဆိပ်ကမ်းဘက်ကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေအကြား မတ်လ ၂၄ ရက်နေ့ကစပြီး နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေတာပါ။

နှစ်ဖက်တိုက်ပွဲကြောင့် လဲရှောင်၊ထိန်ကြီး၊ ပရဒပ်၊ခမောင်းချောင်း၊ ဧကနိစတဲ့ကျေးရွာတွေအပါအ ဝင် ကျေးရွာပေါင်း ၁၀ ကျော်က ဒေသခံ ၃၀၀၀ ကျော်ဟာ ဘေးလွတ်ရာ နေရာတွေထံ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ငါးဦးထက်မနည်း ထိခိုက်သေဆုံးမှုတွေရှိသလို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က PDF ရဲဘော် လေးဦး ထိခိုက်ဒဏ်ရာရရှိထားတယ်လို့ ကာ ကွယ်ရေးတပ်ဖွဲ့ဝင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့ကတည်းက အင်အား ၂၀၀ လောက်နဲ့ နဘုလည်ဒေသဘက်က ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဖြစ်တယ်လို့ ဆိုပါတယ်။

ရုရှားနိုင်ငံက ထားဝယ်အထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံဖို့ သဘောတူညီမှုရပြီးနောက် မတ်လ ၁၃ ရက်နေ့ကစပြီး စစ်ကောင်စီတပ်ဟာ ထားဝယ်အထူးစီးပွားရေးဇုန်မှာ အင်အားဖြည့်တင်းမှုတွေ ဆက်တိုက်လုပ်နေတာ ဖြစ်ပါတယ်။

ဒေသတွင်း သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Tanintharyi ရဲ့ အစီရင်ခံစာအရ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း တနင်္သာရီတိုင်းမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ နှစ်ဖက်တိုက်ပွဲနဲ့ လေ ကြောင်းတိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသူ ၆၈၄၀၀ ကျော်အထိ ရှိလာခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.