နေပြည်တော် ၊ မတ် ၂၈

Standard Army လို့ အမြဲတစေ ဂုဏ်ယူဝင့်ကြွားလေ့ရှိတဲ့ စစ်တပ်ကအာဏာသိမ်းမှုကြောင့် ပေါ် ပေါက်လာတဲ့ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေး ထိုးစစ်တွေကိုတော့ မြေပြင်ထက် ဝေဟင်စစ် ဆင်ရေးတွေနဲ့ ကျားကန်နေရပါတယ်။

၁၀၂၇ စစ်ဆင်‌ရေးအတွင်း တိုင်းစစ်ဌာနချုပ် ၂ ခုအပါအဝင် တပ်စခန်းပေါင်း ရာနဲ့ချီ ဆုံးရှုံးခဲ့ရသလို တပ်အင်အားပြုန်းတီးမှုများစွာရှိခဲ့တဲ့အတွက် စစ်နည်းဗျူဟာအရ စစ်ကောင်စီက ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်ခဲ့ပါတယ်။

ဒါဟာ စစ်ကောင်စီအတွက် ဆုံးရှုံးမှုတွေ ပြင်းထန်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအလွန်မှာ အဆင့်မြင့်နည်းပညာတွေနဲ့ ဝေဟင်စစ်ဆင်ရေးတွေကို ၂၀၂၄ အစောပိုင်းကစပြီး အားသာချက်အဖြစ် ပြောင်းလဲလိုက်တာလို့ CDM တပ်အသိုင်းအဝိုင်းက သုံးသပ်ကြပါတယ်။

“အခုနောက်ပိုင်းမှာ သူတို့ ဒရုန်းကို လက်ရုံးတပ်ဖွဲ့တစ်ခုအနေနဲ့ တည်ထောင်တယ်။ပြီးတော့ ဒရုန်းသင်တန်းတွေ အများကြီး မွေးတယ်။ပြီးလို့ရှိရင် ဒရုန်းတပ်ဖွဲ့တွေကို ရှေ့တန်းခြေလျင်စစ်ကြောင်းတွေနဲ့ တွဲပြီး လွှတ်တယ်။အခုနောက်ပိုင်း ကင်းထောက်တယ်။ စက်ကောက်ကြည့်တယ်။ပြီးလို့ရှိရင် ချက်ချင်း ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်တယ်”လို့ CDM လေတပ် တပ်ကြပ်ကြီး ဇေယျက ပြောပါတယ်။

ဝေဟင်စစ်ဆင်ရေးတွေထဲမှာ တော်လှန်ရေးအဖွဲ့တွေလှုပ်ရှားတဲ့ နေရာတွေနဲ့ ထိန်းချုပ်နယ်မြေတွေကို စစ်ကောင်စီက ကင်းထောက်ဒရုန်းတွေသုံးပြီး လေကြောင်းကနေ ပေါင် ၅၀၀ ဗုံးတွေနဲ့ ကြဲချတဲ့အပြင် အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်မှုတွေ လုပ်လာတာပါ။

လက်ရှိမှာလည်း တိုက်လေယာဉ်တွေထက် ကုန်ကျစရိတ်များစွာသက်သာတဲ့ စက်တပ်လေထီးတွေနဲ့ ဒရုန်းစစ်ဆင်ရေးတွေကို ရှေ့တန်းစစ်မျက်နှာတွေအထိ အသုံးပြုလာနေတာလို့ တော်လှန်ရေးအဖွဲ့တွေက ဆိုပါတယ်။

သထုံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တာဝန်ခံ ကိုအေးမင်းထွန်းက စစ်ကောင်စီဟာ မြေပြင်အင်အားကို အများကြီးမသုံးဘဲ အားသာချက်ဖြစ်တဲ့ ဝေဟင်စစ်ဆင်ရေးကိုသာ အသုံးပြုနေတာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“စစ်ကောင်စီအနေနဲ့တော့ နောက်ပိုင်းမှာ သူတို့တွေ အင်အားနည်းလာတယ်။ အဲဒီတော့ သူတို့ ဝေဟင်ကို အဓိကသုံးပြီး ချေမှုန်းရေးလုပ်တဲ့ ပုံစံမျိုးပေါ့။အဲဒါမျိုး လုပ်တယ်။ မြေပြင်အင်အားကိုတော့ သူတို့အများကြီး သိပ်သုံးတာ မရှိဘူး။ နည်းလာတယ်။ ဝေဟင်ပဲ သုံးတာပေါ့။ အဲဒီမှာလည်း ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေအနေနဲ့ကတော့ ဝေဟင်ကိစ္စတွေ အများကြီးကို ကာကွယ်နည်းတွေရော ကြိုတင်ပြီးတော့ ကျွန်တော်တို့ ဗုံးခိုကျင်းတွေ တူးရတာတွေ လုပ်ရတာပေါ့” လို့ ဆိုပါတယ်။

စစ်ရေးအကဲခတ်တွေကတော့ စစ်ကောင်စီရဲ့ မြေပြင်တပ်ဖွဲ့တွေဟာ အင်အားနည်းပါးတာကြောင့် စစ်မှုထမ်းဥပဒေကနေ ခေါ်ယူခဲ့တဲ့ တပ်သားတွေဟာ တပ်ရင်းတစ်ရင်းမှာ သုံးပုံနှစ်ပုံလောက်ရှိနေတာမို့ ထိတွေ့တိုက်ပွဲတွေမှာ အဓိကသုံးပြီး စစ်တိုက်နေရတာလို့ ဝေဖန်ကြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ အချက်အလက်တွေအရ ပြည်သူ့စစ်မှုထမ်းဥပဒေကို အ သက်သွင်းပြီးနောက် ၂၀၂၄ ခုနှစ် ဧပြီကနေ ၂၀၂၅ ခုနှစ် ဇန်နဝါရီအထိ စစ်မှုထမ်းအတွက် လူငယ် ၂၄၀၀၀ နီးပါး အတင်းအဓမ္မ ဖမ်းဆီးခံထားတာပါ။

CDM လေတပ် တပ်ကြပ်ကြီး ဇေယျက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မြေပြင်မှာ တိုက်ခိုက်ရေးစွမ်းရည်မရှိတဲ့အတွက် ထိခိုက်ကျဆုံးမှုတွေ အခုချိန်ထိ ဖြစ်နေတာမို့ ဝေဟင်ကနေ အားသာချက်ယူနေရတာလို့ ပြောပါတယ်။

“ဒါကြောင့်မို့ သူတို့မှာ မြေပြင်တိုက်စွမ်းရည်တွေက မရှိဘူး။ အဲဒီမြေပြင်စွမ်းရည်မရှိတာကို သူတို့က ဝေဟင်က ဒရုန်းနဲ့ လေကြောင်းနဲ့ပဲ ကျားကန်တဲ့ပုံစံမျိုးပေါ့။ အဲဒီတော့ ဘာဖြစ်လဲဆို သူတို့က အချိန်ပိုရလေ သူတို့ရဲ့ ရဲဘော်အသစ်တွေကို ပိုပြီး Train နိုင်လေ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပိုပြီး လေ့ ကျင့်သားပြည့်ဝအောင် လုပ်နိုင်လေပေါ့။ အဲဒီတော့ သူတို့ကအခုချိန်မှာ ဒရုန်းနဲ့ လေကြောင်းကနေ အားသာချက်ယူပြီးတော့ပဲ စစ်တိုက်တဲ့ပုံစံမျိုးဖြစ်တာပေါ့။ မြေပြင်မှာတော့ တိုက်စွမ်းရည်က လုံးဝမရှိဘူး။ တောက်လျှောက် တော်လှန်‌ရေးတပ်ဖွဲ့တွေနဲ့တွေ့တိုင်း သူတို့ဘက်ကချည်းပဲ အကျအရှုံးတွေများ အထိအခိုက်တွေများတယ်ဆိုတာ အခုချိန်ထိဖြစ်နေတုန်းပါပဲ” လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း အလံဖြူထောင်၊လက်နက်ချအညံ့ခံတာတွေ ရာနဲ့ချီရှိနေခဲ့တဲ့ စစ်ကောင်စီတပ်ဟာ စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ အားနည်းချက်တွေရှိနေပေမယ့် နည်းပညာပိုင်းမှာတော့ တရုတ်၊ရှရုား စတဲ့ နိုင်ငံတွေရဲ့ ပံ့ပိုးမှုတွေကြောင့် အားသာလာနိုင်တဲ့ အနေအထားလို့ သူက ဆက်ပြောပါတယ်။

Janes Defense အဖွဲ့ရဲ့ သုံးသပ်ချက်အရ ရဟတ်ယာဉ်တွေမှာ သုံးလေ့ရှိတဲ့ အပူလှိုင်းစနစ်သုံး FLIR လို့ခေါ်တဲ့ အရှေ့သို့ကြည့်နိုင်တဲ့ အနီအောက်ရောင်ခြည် နည်းပညာကို စစ်ကောင်စီက တိုက် ခိုက်‌ရေးဒရုန်းတွေမှာ အသုံးပြုလာတယ်လို့ သိရပါတယ်။

မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရ နိုင်နဂါးက စစ်ကောင်စီရဲ့ အားသာချက်တွေရှိနေတဲ့အပေါ် ပြန်လည်ခုခံကာကွယ်ဖို့ တော်လှန်ရေးအဖွဲ့တွေက ကြိုးစားပြင်ဆင်နေတယ်လို့ ပြောပါတယ်။

“အခုလို စစ်ကောင်စီရဲ့ အားသာလာချက်တွေအပေါ် စစ်လက်နက် ပစ္စည်းပိုင်းဆိုင်ရာ အားသာချက်တွေအပေါ်မှာတော့ ကျွန်တော်တို့ ပြန်လည်တုံ့ပြန်ဖို့ ခုခံကာကွယ် ဆက်လက်ပြီး တိုက်ပွဲဝင်သွားဖို့က တော်လှန်ရေးအဖွဲ့အစည်းအသီးသီးတွေက ကြိုးစားပြင်ဆင်နေကြတာ ရှိပါတယ်။ ဥပမာ ဒရုန်းရန်ကို ကာကွယ်ဖို့ Jumper တွေကို ဝယ်ယူတပ်ဆင်လာတာ ရှိတယ်။ နောက်တိုက်လေယာဉ်တွေကို ပစ်ချနိုင်ဖို့အတွက် အမြင့်အဝေးကြီးကို ပစ်နိုင်တဲ့ လက်နက်တွေ ကျွန်တော်တို့ စုဆောင်းလာကြတာတွေ ရှိတယ်” လို့ ဆိုပါတယ်။

ဒါ့အပြင် ကင်းထောက်ဒရုန်းနဲ့ တိုက်ခိုက်ရေးဒရုန်းတွေကိုတော့ Shooting Jumper သုံးပြီး ပစ်ချမယ့်အစား ကွန်ယက်တွေကို ဖြိုခွင်းပြီး ချန်နယ်တွေ အများကြီးသုံးနိုင်တဲ့ Jumper တွေကို အသုံးပြုလာနိုင်တဲ့အတွက် အဲဒီတိုက်ခိုက်မှုတွေကို လျှော့ချနိုင်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

ဒါပေမယ့် စစ်ကောင်စီတပ်ဟာ တော်လှန်ရေးအဖွဲ့တစ်ခုတည်းကို တိုက်ခိုက်နေတာမဟုတ်ဘဲ အရပ်သားပြည်သူတွေရဲ့ နေအိမ်တွေ၊ စာသင်ကျောင်း၊ဆေးရုံ၊ဆေးခန်းတွေနဲ့ ဘာသာရေးအ ဆောက်အဦးတွေကိုပါ ဦးတည်နေတာပါ။

ဉာဏ်လင်းသစ်သုတေသနအဖွဲ့ရဲ့ အစီရင်ခံစာအရ ၂၀၂၁ ဖေဖော်ဝါရီကနေ ၂၀၂၄ ဒီဇင်ဘာအထိ နိုင်ငံတဝန်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ် ၄၁၅၇ ခုရှိခဲ့တဲ့အတွက် အရပ်သား ၂၂၀၀ ကျော် သေဆုံးခဲ့ရပါတယ်။

ဒါ့အပြင် ထိခိုက်ဒဏ်ရာရသူ ၃၄၀၀ ကျော်ရှိခဲ့ပြီး ဘာသာရေးအဆောက်အဦး ၃၀၂ ခု၊ စာသင် ကျောင်း ၁၇၄ ကျောင်းနဲ့ ဆေးရုံ ၆၂ ရုံလည်း လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ရတယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီမှာ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.