ကျိုက်ထို၊ မတ် ၂၈
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ထဲမှာ စစ်ကောင်စီတပ် နေ့စဉ်ရက်ဆက် လက်နက်ကြီးပစ်ခတ်နေတဲ့အတွက် ဒေသခံတွေ လုပ်ငန်းခွင်ထဲ မသွားရဲကြတာကြောင့် စားဝတ်နေရေးအခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ အခုမတ်လ နောက်ဆုံးအပတ်အတွင်း ကျိုက်ထိုမြို့နယ်ထဲက မိုးဘောနတ်စင်၊ မဲရုံးကြီး၊ မဲရုံးလေး၊ ဆောင်နိုင်ကြီး၊ ပျဉ်းကတိုးကုန်း၊ ပိန္နဲကုန်း၊ မုက္ခမော၊ သုံးခွ၊ ဝင်းကံ၊ ခရွဲကျေး ရွာဘက်တွေကို နေ့စဉ်လက်နက်ကြီး အလုံးရေ ၂၀ ထက်မနည်း ရမ်းသမ်းပစ်ခတ်မှုတွေ လုပ် ဆောင်နေတာပါ။
ဒေသခံတွေရဲ့ ပြောပြချက်အရ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေဟာ ဥယျာဉ်ခြံတွေနဲ့ တောတောင်ဘက်ကို ပိုမိုပစ်မှတ်ထားတာကြောင့် လုပ်ငန်းတွေ ရပ်နားထားရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံတွေရဲ့ စားဝတ်နေရေး ထိခိုက်မှု မြင့်တက်လာပြီး မိသားစုအများစုဟာ စုဆောင်းထားတဲ့ စားသောက်စရာတွေကို ဝေငှစားသောက်နေရတာ ဖြစ်ပါတယ်။
စားဝတ်နေရေး အခက်ကြုံနေရတဲ့ ဒေသခံတွေကို ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင်အပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ကူညီထောက်ပံ့မှု တချို့ရှိပေမယ့် လုံလောက်မှု မရှိဘူးလို့ ဆိုကြပါတယ်။
စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်နေတဲ့ ကျေးရွာတွေဟာ ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင်အုပ်ချုပ်နယ်မြေက ကျေးရွာတွေ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ် ခရွဲမြောက်ကျေးရွာထဲ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် သံဃာတစ်ပါး ပျံလွန်တော်မူခဲ့ပြီး နှစ်ပါးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KHRG