“မတ် ၂၄ ကနေ ၂၆ အထိ စကစရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲလိုပဲ။ ဧပြီ ၂ ရက်နေ့က ၅ ရက်နေ့အထိ ကျင်းပမယ့် အစည်းအဝေးကလည်း ဒေသအတွင်းတည်ငြိမ်ရေးတို့ တော်လှန်ရေးအတွက် ထူးခြားတဲ့သက်ရောက်မှုတွေ ရှိလာမှာ မဟုတ်ဘူး” – ဒေါက်တာသီရိမွန်ချမ်း (ရာမညစစ်ကြောင်း ပြောခွင့်ရသူ)

မွန်လက်နက်ကိုင်တော်လှန်ရေး လေးဖွဲ့ကနေ ပူးတွဲထားတဲ့ ရာမညစစ်ကြောင်းဟာ မကြာသေးမီ ရက်ပိုင်းတုန်းက သံဖြူဇရပ်-ရေး ကားလမ်းပိုင်းမှာ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာတွေ့ရပါတယ်။ အဲဒီလို စစ်ဆေးခဲ့တဲ့လုပ်ရပ်က ဘာသဘောကို ဆောင်ပါသလဲ။

လက်ရှိမှာလည်း စစ်ကောင်စီက ဦးစီးပြီး မွန်အဖွဲ့တချို့ပါဝင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို နေပြည်တော်မှာ ပြုလုပ်နေပြီးတော့ မကြာခင်မှာဆိုရင်လည်း မွန်အမျိုးသားညီလာခံကို ပြုလုပ်ဖို့ ရှိနေတာပါ။ အဲဒီလို လက်ရှိ နိုင်ငံရေး အခြေအနေတွေနဲ့ပတ်သက်လို့ မွန်အခြေစိုက် ရာမညစစ်ကြောင်းက ဘယ်လို သဘောထားရှိပါသလဲဆိုတာ သိရဖို့ ပြောခွင့်ရသူ ဒေါက်တာ သီရိမွန်ချမ်းနဲ့ သံလွင်တိုင်းက အခုလိုပဲ မေးမြန်းကြည့်ထားပါတယ်။

မေး – မကြာသေးမီက ရာမညစစ်ကြောင်းအနေနဲ့ သံဖြူဇရပ်-ရေး ကားလမ်းပိုင်းမှာ စစ်ဆေးမှုတွေ ပြုလုပ်နေတဲ့ ပုံရိပ်တွေကို လူမှုကွန်ရက်မှာ ဖြန့်ဝေထားတာ တွေ့ရတယ်။ စစ်ကြောင်းအနေနဲ့ အခုလို လမ်းခရီးစစ်ဆေးမှုတွေ ပြုလုပ်တာ ပထမဆုံးအကြိမ်လား။ ဘာကြောင့်ပြုလုပ်တာလဲ။

ဖြေ – ရာမညပူးတွဲစစ်ကြောင်းအနေနဲ့ အခုလို လမ်းခရီးစစ်ဆေးမှုတွေ ပြုလုပ်တာက ပထမဆုံးအကြိမ်ပါ။

ပထမအချက်က နှစ်လကျော်ဖွဲ့စည်းလာခဲ့တဲ့ ပူးတွဲစစ်ကြောင်းက စစ်ရေးပူးပေါင်းမှု ကိစ္စတွေ ပြီးစီးသွားပြီး စစ်ရေးလှုပ်ရှားမှုတွေ အချိန်မရွေး စတင်ဖို့ အဆင်သင့် ဖြစ်နေပြီဆိုတာကို ပြည်သူလူထုတွေကို သတင်းကောင်းပေးချင်တာ ဖြစ်တယ်။

ဒုတိယအချက်က ဒီလိုမျိုးစတင်လှုပ်ရှားလာတာကို စကစဘက်က ဘယ်လိုတုံ့ပြန်လာမလဲဆိုတာကို စစ်ရေးအရ သွေးတိုးစမ်းချင်တာလည်းပါပါတယ်။

မေး – သံဖြူဇရပ်-ရေး ကားလမ်းပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စခန်းချတာ၊ ကင်းပုန်းဝပ်တာ ကာကင်းစခန်းတည်ဆောက်တာ စတဲ့ စစ်ရေးလှုပ်ရှားမှုတွေ လတ်တလော ပြင်ဆင်နေတာမျိုးရှိနေပြီလား။

ဖြေ – ရာမညပူးတွဲစစ်ကြောင်း ဖွဲ့စည်းခဲ့တဲ့ သတင်းထွက်ပေါ် လာပြီးတာနဲ့ သံဖြူဇရပ်-ရေးကားလမ်းအပြင် မွန်ပြည်နယ်တခွင်လုံးမှာ စစ်ရေးအရ အချက်အခြာကျတဲ့ တပ်စခန်းတွေ ဗျူဟာမြောက်အချက်အချာ နေရာကျတဲ့ မြို့ရွာနေရာတွေ မှာ တပ်အင်အားတွေ တိုးချဲ့ပြီးတော့ လက်နက်ကြီးတပ်စခန်းတွေလည်း တိုးချဲ့လာခဲ့တယ်။

ရာမညပူးတွဲစစ်ကြောင်းရဲ့ ဗျူဟာမြောက်ပူးတွဲစစ်ဆင်ရေး မွန်ပြည်တခွင်မှာ ဖြစ်ပေါ်လာနိုင်မယ့် မြို့သိမ်းစခန်းသိမ်း တိုက်ပွဲတွေအတွက် စစ်ကောင်စီတပ်ဘက်က ပိုပြီး လုပ်နေပါတယ်။

မေး – ရာမညစစ်ကြောင်းအနေနဲ့ရော အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးဖြစ်တဲ့ သံဖြူဇရပ် – ရေး ကားလမ်းပိုင်းကို ဘယ်အတိုင်းအတာထိ ထိန်းချုပ်ထားနိုင်ပြီလဲ။

ဖြေ – အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးဖြစ်တဲ့ သံဖြူဇရပ် – ရေး ကားလမ်းပိုင်းကို ရာမညပူးတွဲစစ်ကြောင်းကနေ အပြီးအပိုင် ထိန်းချုပ်ထားဖို့ စစ်ရေးအစီအစဉ် ချမှတ်ထားတာ မရှိသေးဘူး။

အထက်မှာ ပြောခဲ့သလိုပဲ သံဖြူဇရပ်-ရေး ကားလမ်းပေါ်မှာ လမ်းခရီးစစ်ဆေးမှုတွေ ပြုလုပ်နေတာက စကစတပ်တွေက ဘယ်လိုတုံ့ပြန်မှုတွေ ပြုလုပ်လာမလဲဆိုတာ စစ်ရေးအရ ကြိုတင်ပြင်ဆင်မှုတွေ လုပ်နိုင်ဖို့ ရှောင်တခင်သွေးတိုးစမ်းတဲ့ သဘောပါ။

နောက်နောင် အမှန်တကယ် စစ်ဆင်ရေးပေါ် မူတည်ပြီး သံဖြူဇရပ်-ရေး ကားလမ်းဖြတ်တောက်မှုတွေ အပြီးအပိုင် ထိန်းချုပ်မှုတွေ လိုအပ်ရင် လိုအပ်သလို ပြုလုပ်သွားမှာပါ။

မေး – နောက်ပြီး ရာမညစစ်ကြောင်းက အခုဆို တပ်လေးတပ်ကနေ ပူးတွဲထားတာ ၂ လကျော်ပြီဆိုပေမယ့် မြေပြင်မှာ စစ်ကြောင်းက ရဲဘော်တွေချည်း ပါဝင်တဲ့ တိုက်ပွဲဖော်ဆောင်မှုတွေ ဘာကြောင့် မပြုလုပ်နိုင်သေးတာလဲ။

ဖြေ – တိုက်ပွဲဖော်ဆောင်မှုတွေ မလုပ်သေးတာက ဖွဲ့စည်းပြီးတာနဲ့တိုက်ပွဲဖော်ဆောင်ရဖို့က စစ်ရေးအရ ရန်သူအနေအထား၊ နယ်မြေအနေအထားနဲ့ မိမိတို့တပ်ဘက်ကလည်း လိုအပ်တဲ့ စစ်ရေးပြင်ဆင်မှုတွေ စစ်ရေးမဟာဗျူဟာနည်းဗျူဟာတွေလည်း ချမှတ်ဖို့ လိုအပ်တယ်။

စစ်ရေးအမြင်အရ ဖွဲ့စည်းကြောင်း သတင်းထွက်တာနဲ့ မြေပြင်မှာ တိုက်ပွဲဖော်ဆောင်ရင်း ရန်သူအတွက် စစ်ရေးအရ ပိုပြီးအားသာနိုင်တယ်။ စစ်ကြောင်းဖွဲ့ပြီး ဇန်နဝါရီလကနေ ယခုအချိန်အထိ စကစက သူတို့ရဲ့ တပ်ကို အထူးတပ်လှန့်ထားပြီးတော့ စစ်ရေးအရ ပြန်လည်ခုခံဖို့ တပ်အင်အားတွေလည်း တိုးချဲ့ချထားတယ်။

ရာမညပူးတွဲစစ်ကြောင်းရဲ့ စစ်ရေးရည်မှန်းချက် ဗျူဟာမြောက်စစ်ဆင်ရေးတွေ ပြုလုပ်သွားမှာပါ။ သို့သော်လည်း စစ်ရေးမဟာဗျူဟာနည်းဗျူဟာနဲ့ စစ်ဆင်ရေးတွေကို ဘယ်အချိန်ဘယ်နေရာ ဘယ်လိုစစ်ရေးနည်းနဲ့ ပြုလုပ်သွားမယ်ဆိုတာ ပြောလို့မရသေးပါဘူး။

မေး – အခုလိုအခြေအနေမှာ ငြိမ်းချမ်းရေးခေါင်းစဉ်တပ်ပြီး စစ်ကောင်စီနဲ့ ပုလဲနံသင့်တဲ့အဖွဲ့အတွေ ဆွေးနွေးမှုအပေါ် ဘယ်လိုမြင်ပါသလဲ။ ပြည်သူလူထုအကျိုးထက် စစ်ကောင်စီအကျိုးများ ပိုမိုဖြစ်ထွန်းနေမလား။

ဖြေ – မတ်၂၄ ရက်နေ့ကနေ ၂၆ ရက်နေ့အထိကျင်းပမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲက အရင်က ဆွေးနွေးပွဲတွေလိုပဲ။ စစ်ကောင်စီနဲ့ ပလဲနံသင့်တဲ့ အဖွဲ့တွေကြား ဆွေးနွေးမှုတွေပဲဆိုတော့ ဘယ်လိုဆွေးနွေးပွဲခေါင်းစဉ်ပဲ တပ်တပ် ဘယ်လိုအချိန်အခါမျိုးမှာပဲ လုပ်လုပ် ထူးမခြားနားပါဘူး။

အာဏာသိမ်းပြီးနောက်ပိုင်း စကစနဲ့ အပစ်ရပ် ပလဲနံသင့်တဲ့ EAO တွေ နိုင်ငံရေးပါတီတွေအကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ အကြိမ်ကြိမ် ပြုလုပ်လာခဲ့တယ်။ သို့သော်လည်း ဘာမှရေရေရာရာတိုးတက်မှုတွေ မရှိခဲ့ဘူး။

၂၀၀၈ အခြေခံဥပဒေကို ပြန်လည်အသက်သွင်းမယ့် ဆွေးနွေးပွဲတွေ ၂၀၀၈ အခြေခံဥပဒေကို အခြေခံပြီး ပြလုပ်တဲ့ ရွေးကောက်ပွဲတွေက ပြည်သူလူထုအကျိုးထက် စစ်အာဏာရှင် စနစ်ကို သက်ဆိုးရှည်စေမယ့် စစ်ကောင်စီအကျိုးသာ ဖြစ်လာမှာပါ။

မေး အဲဒီဆွေးနွေးပွဲမှာ အပစ်ရပ်ထိုး မွန်ပြည်သစ်ပါတီနဲ့ မွန်နိုင်ငံရေးပါတီက ကိုယ်စားလှယ်တချို့လည်း ပါဝင်နေတယ်။ ဧပြီမှာဆိုလည်း မွန်အမျိုးသားညီလာခံကျင်းပဖို့ ရှိနေပြန်တယ်။ ဒီအချက်တွေက အချိန်ကိုက်ဖြစ်နေတော့ ဒေသတွင်း တည်ငြိမ်‌ရေးအတွက် တော်လှန်ရေးအပေါ် တစ်စုံတစ်ရာ သက်ရောက်မှု ရှိလာနိုင်မလား။ ဘယ်လိုမြင်လဲ။

ဖြေ – မတ်၂၄ ရက်ကနေ ၂၆ ရက်နေ့အထိ ကျင်းပနေတဲ့ ဆွေးနွေးပွဲမှာ စစ်ကောင်စီနဲ့ပလဲနံသင့်တဲ့ မွန်ပြည်သစ်ပါတီ၊ မွန်နိုင်ငံရေးပါတီတို့တက်ရောက်နေကြတယ်။

ဒီလာမယ့် ဧပြီ ၂ ရက်နေ့ကနေ ၅ ရက်နေ့အထိ မော်လမြိုင်မြို့‌ပေါ်မှာ ကျင်းပမယ့် မွန်အမျိုးသားအစည်းအရုံးကလည်း မွန်ပြည်သစ်ပါတီနဲ့ MUP တို့ကပဲ ဦးဆောင် ကျင်းပမှာ ဖြစ်ပြီး စစ်ကောင်စီအသိအမှတ်ပြု မွန်နိုင်ငံရေး အင်အားစုနဲ့ မွန်အဖွဲ့အစည်း များသာ တက်ရောက်ကြမှာပါ။ အရင်က ကျင်းပလာခဲ့တဲ့ မွန်အမျိုးသားညီလာခံတို့လိုမျိုး မွန်တစ်မျိုးသားလုံးပါဝင်တဲ့ ညီလာခံလို ကွန်ဖရင့်လိုမဟုတ်ဘူး။

ဒါကြောင့် စစ်ကောင်စီနဲ့ပလဲနံသင့်တဲ့ ပါတီတွေ အဖွဲ့အစည်းတွေသာ တက်ရောက်မယ့် မွန်အမျိုးသားအစည်းအဝေးကို မိမိတို့လို မွန်လက်နက်ကိုင်အဖွဲ့အစည်းတွေ ပြည်တွင်းပြည်ပမှာ ရှိနေကြတဲ့ မွန်တစ်မျိုးသားလုံးရဲ့ အသိအမှတ်ပြုမှု မရရှိနိုင်တဲ့ မတ် ၂၄ ကနေ ၂၆ အထိ စကစရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲလိုပဲ။

ဧပြီ ၂ ရက်နေ့က ၅ ရက်နေ့အထိ ကျင်းပမယ့် အစည်းအဝေးကလည်း ဒေသအတွင်းတည်ငြိမ်ရေးတို့ တော်လှန်ရေးအတွက် ထူးခြားတဲ့သက်ရောက်မှုတွေ ရှိလာမှာ မဟုတ်ဘူး။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.