ဂျီနီဗာ၊ မတ် ၂၅

ဥရောပဒေသမှာ ၂၀၂၃ ခုနှစ် ကလေးငယ်တွေကြား တီဘီရောဂါ ဖြစ်ပွားမှု ၁၀ ရာခိုင်နှုန်း မြင့်တက်ခဲ့တာကြောင့် ရောဂါ ဆက်လက် ပျံ့နှံ့နိုင်တဲ့အတွက် ချက်ချင်း အရေးယူ ဆောင်ရွက်ရေး ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း WHO က မတ် ၂၄ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။

ဥရောပနဲ့ ဗဟိုအာရှရှိ နိုင်ငံပေါင်း ၅၃ နိုင်ငံ ပါဝင်တဲ့ ဥရောပဒေသမှာ ၂၀၂၃ ခုနှစ်အတွင်း အသက် ၁၅ နှစ်အောက် ကလေးငယ် ၇၅၀၀ ကျော် တီဘီရောဂါ ကူးစက်မှု ဖြစ်ပွားခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ ၆၅၀ ပဲ ရှိခဲ့ရာက ပိုများလာတာ ဖြစ်ကြောင်း WHO က ပြောပါတယ်။

ကလေးငယ်တွေကြား စိုးရိမ်စရာကောင်းလောက်အောင် တီဘီရောဂါ ဖြစ်ပွားမှု မြင့်တက်လာတာက ကြိုတင် တားဆီးကာကွယ်လို့ရတဲ့ ရောဂါကို ကာကွယ်ဖို့ ဆောင်ရွက်မှုတွေ မအောင်မြင်ဘူးဆိုတာ ဖော်ပြနေတယ်လို့ WHO ရဲ့ ဥရောပဒေသဆိုင်ရာ ညွှန်ကြားရေးမှူး ဟန်နရီ ကလု့ဂ်က ပြောကြားခဲ့ပါတယ်။

တီဘီရောဂါ ဖြစ်ပွားမှု ပိုများလာကြောင်း ဖော်ပြနေတာက ရောဂါ ဖော်ထုတ် စစ်ဆေးမှု ပိုအားကောင်းလာတယ်ဆိုတာကို ဖော်ပြနေတာ ဖြစ်နိုင်တယ်လို့ WHO ရဲ့ ဥရောပဒေသဆိုင်ရာ တီဘီရောဂါ အကြံပေး အက်စကာ ယက်ဒီဘာယေ့ဗ်က ဆိုပါတယ်။

ဒါပေမဲ့ ယူကရိန်း-ရုရှား စစ်ပွဲကြောင့် နယ်စပ်ဖြတ်ကျော်သွားလာမှု ပိုများလာနေတာကြောင့် အခုလို ရောဂါ ဖြစ်ပွားမှု ပိုများလာတာ ဖြစ်နိုင်ပြီး အဲဒီ နှစ်နိုင်ငံဟာ တီဘီရောဂါဆိုင်ရာ ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်နေတာကြာပြီ ဖြစ်ပါတယ်။

ဥရောပသမဂ္ဂအတွင်း တီဘီရောဂါ ဖြစ်ပွားမှု စုစုပေါင်းရဲ့ ၄၃ ရာခိုင်နှုန်းဟာ အသက် ၁၅ နှစ်အောက်အရွယ်တွေ ဖြစ်တယ်လို့ WHO နဲ့ ဥရောပ သမဂ္ဂ ရောဂါထိန်းချုပ် ကာကွယ်ရေးဌာနတို့ ပြုလုပ်ခဲ့တဲ့ လေ့လာမှု တစ်ရပ်မှာ ဖော်ပြထားပါတယ်။

ဒါက ဥရောပဒေသမှာ အသက် ၁၅ နှစ်အောက် ကလေးငယ်တွေကြား တီဘီရောဂါ ဖြစ်ပွားမှု သုံးနှစ်ဆက်တိုက် မြင့်တက်လာတာကို ဖော်ပြနေပါတယ်။

နိုင်ငံတကာ အလှူရှင်နိုင်ငံတွေက အလှူငွေတွေ ရပ်တန့်လိုက်တာကြောင့် ဝင်ငွေအလယ်အလတ်နဲ့ ဝင်ငွေနည်းနိုင်ငံတွေမှာ တီဘီရောဂါ ကာကွယ်ရေး ကြိုးပမ်းဆောင်ရွက်မှု အခြေအနေ နောက်ဆုတ်သွားနိုင်တယ်လို့ WHO က ဆိုပါတယ်။

တီဘီရောဂါကို ကြိုတင် မကာကွယ်နိုင်ရင် ကုသရခက်ခဲတဲ့ တီဘီ ရောဂါပိုး ပျံ့နှံမှု ဖြစ်ပွားလာနိုင်တယ်လို့ WHO က သတိပေးထားတာ ဖြစ်ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.