မနီလာ၊ မတ် ၂၁

ပြီးခဲ့တဲ့ သီတင်းပတ်က သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးကို ဖမ်းဆီးပြီး နိုင်ငံတကာ ရာဇဝတ်မှုတရားရုံး ICC သို့ လွှဲပြောင်းပေးဖို့ ဆုံးဖြတ်ခဲ့တာနဲ့ ပတ်သက်လို့ ဖိလစ်ပိုင် လွှတ်တော်အမတ်တွေက အစိုးရအရာရှိတွေကို မတ် ၂၀ ရက်က မေးမြန်း စစ်ဆေးရာမှာ တရားရေးဝန်ကြီးက ကြိုတင် ပူးပေါင်းဆောင်ရွက်မှု မရှိခဲ့ဘူးလို့ ငြင်းဆိုပါတယ်။

ဒူတာတေးဟာ မတ် ၁၁ ရက်က ဖမ်းဆီးခံရပြီး အဲဒီနေ့မှာပဲ နယ်သာလန်နိုင်ငံ သည်ဟေ့ဂ်မြို့ရှိ ICC သို့ လေယာဉ်နဲ့ ပို့ဆောင်ခံခဲ့ရပါတယ်။

လူထောင်ပေါင်းများစွာ သေဆုံးခဲ့တဲ့ သူ့ရဲ့ မူးယစ်ဆေးဝါးနှိမ်နှင်းမှုတွေနဲ့ဆက်စပ်လို့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု စွဲချက်တွေနဲ့ ဒူတာတေး ရုံးတင် စစ်ဆေးခံနေရပါတယ်။

မတ် ၂၀ ရက်က လွှတ်တော်ဆိုင်ရာ ကြားနာစစ်ဆေးမှုအတွင်း တရားရေးဝန်ကြီး ဂျီးဆပ်စ် ရီမူလာက အစိုးရအနေနဲ့ နိုင်ငံတကာ ရဲတပ်ဖွဲ့ အင်တာပိုဆီက ဖမ်းဝရမ်း လက်ခံ မရရှိခင်အထိ ICC နဲ့ တန်းတူ ဆက်ဆံရေးပဲ ရှိခဲ့တယ်လို့ ထွက်ဆိုခဲ့ပါတယ်။

အခုအချိန် မတိုင်ခင်အထိ ကျွန်တော်တို့ ICC နဲ့ တရားဝင် ဒါမှမဟုတ်အလွတ်သဘော လုံးဝ အဆက်အသွယ် မရှိခဲ့ပါဘူးလို့ ဝန်ကြီး ရီမူလာက ပြောပါတယ်။

အဲဒီ ကြားနာစစ်ဆေးမှုကို ဖမ်းဆီးခံ ခေါင်းဆောင်ဟောင်းရဲ့ သမီး ဖိလစ်ပိုင် ဒုသမ္မတ ဆာရာ ဒူတာတေးရဲ့ ရင်းနီးတဲ့ သူငယ်ချင်း လွှတ်တော်အမတ် အီမီ မားကို့စ်က တောင်းဆို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ သမ္မတ မားကို့စ်ရဲ့ ညီမ ဖြစ်သူ အီမီ မားကို့စ်က နက်နက်ရှိုင်းရှိုင်း ပူးပေါင်းဆောင်ရွက်မှု ရှိခဲ့တယ်လို့ ပြောပါတယ်။

ဖိလစ်ပိုင်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မှု ရှိခဲ့တယ်လို့ ပြောရင် ဆက်သွယ်ခဲ့တာက မိမိတို့ဆီကို မဟုတ်တဲ့အတွက် ဘယ်သူဘယ်ဝါတွေနဲ့ ဆက်သွယ်ခဲ့သလဲဆိုတာကို သိချင်မိတယ်လို့ ဝန်ကြီး ရီမူလာက ပြောပါတယ်။

၂၀၁၉ ခုနှစ်မှာ ICC ကနေ ဖိလစ်ပိုင် နုတ်ထွက်လိုက်ပြီးနောက်ပိုင်း ဖိလစ်ပိုင်အစိုးရအနေနဲ့ ICC စုံစမ်း စစ်ဆေးသူတွေမှာ တရားစီရင်ပိုင်ခွင့် မရှိဘူးဆိုပြီး ပူးပေါင်းဆောင်ရွက်ဖို့ အကြိမ်ကြိမ် ငြင်းဆိုနေခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ အင်တာပိုက ဖမ်းဆီးပေးဖို့ တောင်းဆိုလာရင် အရေးယူဆောင်ရွက်ပေးဖို့ တာဝန်ရှိလိမ့်မယ် ဆိုပြီး အစိုးရ အရာရှိတွေက မကြာသေးခင်ကမှ ပြောင်းလဲ ပြောဆိုခဲ့ကြတာ ဖြစ်ပါတယ်။

ဒုသမ္မတ ဆာရာ ဒူတာတေးကတော့ သူ့ဖခင် ဖမ်းဆီးခံရတာဟာ နိုင်ငံရေးအတွက် အသုံးချမှု ဖြစ်တယ်လို့ ပြောပါတယ်။

၂၀၂၂ သမ္မတ ရွေးကောက်ပွဲမှာ မိသားစု နှစ်စုပေါင်းပြီး သောင်ပြိုကမ်းပြို အနိုင်ရခဲ့တဲ့ ဒူတာတေးနဲ့ မားကို့စ် မိသားစုကြား ဆက်ဆံရေး အဆင်မပြေ ဖြစ်လာခဲ့ပြီး ဆာရာ ဒူတာတေး ကိုယ်တိုင်လည်း ပြည်တွင်းမှာ စွဲချက်တွေ အများကြီးနဲ့ ရင်ဆိုင်နေရပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.