နေပြည်တော် ၊ မတ် ၂၁
စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်နေတဲ့ ပဋိပက္ခနဲ့ ပြည်သူတွေအပါ် ဆက်လက်ကျူးလွန်နေတဲ့ စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေကို အာဆီယံအနေနဲ့ ကိုင်တွယ်ဖြေရှင်းဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က တိုက်တွန်းလိုက်ပါတယ်။
စစ်အုပ်စုက မြန်မာပြည်သူလူထုအပေါ် အကြမ်းဖက်မှုတွေ တိုးမြှင့်ကျူးလွန်လာမှုနဲ့ ပတ်သက်ပြီး NUG နိုင်ငံခြားရေးဝန်ကြီးဌာနက မတ် ၁၉ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။
အာဆီယံအနေနဲ့ ထိရောက်တဲ့ ဆောင်ရွက်ချက်တွေကို ချမှတ်ခြင်းအားဖြင့် မလေးရှားနိုင်ငံရဲ့ ဥက္ကဌအဖြစ် ဦးဆောင်မှုအောက်မှာ လူ့အခွင့်အရေးနဲ့ ဒေသတွင်းလုံခြုံရေးအပေါ် ထားရှိတဲ့ ကတိကဝတ်တွေကို စောင့်ထိန်းဖို့ တိုက်တွန်းခဲ့ပါတယ်။
အာဆီယံပဋိညာဉ်စာတမ်းမှာ ပေးအပ်ထားတဲ့ လုပ်ပိုင်ခွင့်တွေအရ အာဆီယံဟာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ပံ့ပိုးကူညီဖို့ အဓိပ္ပါယ်ပြည့်ဝတဲ့ အရေးယူဆောင်ရွက်မှုတွေကို လုပ်ဆောင်နိုင်စွမ်း ရှိတယ်လို့ NUG က ဆိုပါတယ်။
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ မှတ်တမ်းတွေအရ ၂၀၂၃ ခုနှစ်ကနေ ၂၀၂၅ ခုနှစ် မတ် ၁၆ ရက်နေ့အထိ စစ်အုပ်စုက အရပ်သားပြည်သူဆိုင်ရာနေရာတွေကို လေကြောင်းတိုက်ခိုက်မှု ၂,၁၉၀ ကြိမ် ပြုလုပ်ခဲ့တာကြောင့် ကလေးသူငယ်ပေါင်း ၃၇၂ ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။
ဒါဟာ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှု ဥပဒေကို ချိုးဖောက်နေရုံသာမက ကလေးသူ ငယ်တွေရဲ့ အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ပါဝင်နိုင်ခွင့်နဲ့ ကာကွယ်စောင့်ရှောက်မှုရရှိပိုင်ခွင့်တွေကို အာမခံပေးထားတဲ့ ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ ဂျီနီဗာသဘောတူစာချုပ်ကိုလည်း ချိုးဖောက်ရာ ရောက်တယ်လို့ ဆိုပါတယ်။
မြန်မာလူထုကို ကာကွယ်စောင့်ရှောက်ဖို့နဲ့နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အ ခြေခံမူတွေကို ထိန်းသိမ်းဖို့ခိုင်မာအားကောင်းပြီး စည်းလုံးညီညွတ်တဲ့ နိုင်ငံတကာ တုံ့ပြန်ဆောင် ရွက်ချက်တွေကို အရေးတကြီး လိုအပ်နေတာပါ။
အာဆီယံအဖွဲ့အနေနဲ့ အခုအချိန်မှာဘုံသဘောတူညီချက် ၅ ချက်ကို ကျော်လွန်ကာ မြန်မာလူထုရဲ့ ဆန္ဒတွေနဲ့ ကိုက်ညီတဲ့ မြန်မာပိုင်၊ မြန်မာဦးဆောင်တဲ့လုပ်ငန်းစဉ် တစ်ရပ်ကို ပံ့ပိုးကူညီပေးနိုင်ဖို့ တိကျပြတ်သားတဲ့ဆောင်ရွက်ချက်တွေ ချမှတ်နိုင်မယ့် အခွင့်အလမ်းတွေ ရှိနေတယ်လို့ NUG က ဆိုပါတယ်။
အခုအချိန်အခါဟာ မြန်မာနိုင်ငံရှိ ပြည်သူတစ်ဦးချင်းစီတိုင်းရဲ့ တရားမျှတမှု၊ ငြိမ်းချမ်းမှုနဲ့ဂုဏ်သိ က္ခာတို့ကို ပြန်လည်ဖော်ဆောင်ပေးနိုင်မယ့် ဆောင်ရွက်ချက်တွေကို ပြတ်ပြတ်သားသား ဆောင် ရွက်ရမယ့်အချိန်လို့ အာဆီယံကို တိုက်တွန်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-NUG