နေပြည်တော် ၊ မတ် ၁၃

လူသေဆုံးမှုများပြားခဲ့တဲ့ မူးယစ်ဆေးဝါး နှိမ်နှင်းမှုတွေနဲ့ပတ်သက်လို့ ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးဟာ နိုင်ငံတကာ ရာဇဝတ်မှုတရားရုံး ICC ရဲ့ ဖမ်းဝရမ်းထုတ်မှုအရ မတ် ၁၁ ရက်နေ့မှာ နိုင်ငံတွင်းမှာပဲ ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။

ဟောင်ကောင်ကနေ ပြန်လာချိန် မနီလာမြို့ရှိ နိုင်ငံတကာလေဆိပ်မှာ တရားဝင် ဖမ်းဝရမ်းမိတ္တူနဲ့ ဖိလစ်ပိုင်ရဲတပ်ဖွဲ့က ဒူတာတေးကို ဖမ်းဆီးခဲ့ပြီး ICC ရုံးစိုက်ရာ နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ကို လေယာဉ်နဲ့ ပို့ဆောင်ခံခဲ့ရတာပါ။

နိုင်ငံတကာရာဇဝတ်မှုတွေအတွက် တရားစီရင်ရာမှာ ICC ဟာ အဓိကကျတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပြီး အာရှမှာ ICC ကနေ ဖမ်းဝရမ်းထုတ်ခံရသူတွေထဲမှာ သမ္မတဟောင်း ဒူတာတေးဟာ ပထမဆုံး ဖမ်းဆီးခံခဲ့ရသူ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်အပေါ် မြန်မာနိုင်ငံက ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ လူမျိုးတုံး သတ်ဖြတ်မှုနဲ့ စစ်ရာဇဝတ်မှုတွေအတွက် ICC မှာ ဖမ်းဝရမ်းထုတ်ဖို့ အမည်တင်သွင်းခံထားရတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒုတိယဖြစ်လာမလားဆိုတာ အားလုံးကစိတ်ဝင်စားနေကြပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က အခြေအနေတွေ မတူညီတဲ့အတွက် စစ်ခေါင်းဆောင်ဟာ ဖမ်းလို့မရတဲ့တိုင်းပြည်လုံခြုံမှုရှိတဲ့ တိုင်းပြည်တွေပဲ သွားတာမို့ သူ့ကိုဘယ်သူကမှ ဖမ်းခွင့်ပေးရဲမှာ မဟုတ်ဘူးလို့ သုံးသပ်ပါတယ်။

“ဘယ်လိုမှ သက်ရောက်မှုမရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒူတာတေးကို ဖမ်းတာက သူနဲ့ပြိုင် ဘက် မားကို့စ်အစိုးရက ခွင့်ပြုလိုက်တာဖြစ်ပါတယ်။ မားကို့စ်အစိုးရက ဒူတာတေးရဲ့ လုပ်ရပ်တွေကို မကြိုက်ဘူး။ အဲဒါကို နိုင်ငံတကာရာဇဝတ်ခုံရုံးက အရေးယူဖို့ ဝမ်းဝရမ်းထုတ်ထားတယ်။ အဲဒါကို ဒူတာတေးကို ဖမ်းခွင့်ပေးလိုက်တာပါ။ မင်းအောင်လှိုင်ကို စကစက ဘယ်သူကမှ ဖမ်းခွင့်ပေးရဲမှာ မဟုတ်ပါဘူး။ အဲဒါကြောင့် မင်းအောင်လှိုင်ကို ဘယ်သူမှဖမ်းလို့မရပါဘူး။ ဖမ်းလို့မရတဲ့တိုင်း ပြည် လုံခြုံမှုရှိတဲ့တိုင်းပြည်ပဲ မင်းအောင်လှိုင်က သွားတာပဲဖြစ်တယ်။ ဒါကြောင့်မို့ ဒူတာတေးအဖမ်းခံရလို့ မင်းအောင်လှိုင်လည်း အဖမ်းခံရမယ်လို့ထင်ရင် မှားသွားပါလိမ့်မယ်” လို့ ဆိုပါတယ်။

ဒူတာတေးဟာ ၂၀၁၆ ဇူလိုင်ကနေ ၂၀၁၉ မတ်လအတွင်း သမ္မတတာဝန်ထမ်းဆောင်ချိန်မှာ လူထောင်ချီသေဆုံးစေခဲ့တဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းရေးအတွင်း လူသားမျိုးနွယ်ပေါ် ကျူး လွန်ခဲ့တဲ့ ရာဇဝတ်မှုစွပ်စွဲချက်နဲ့ ICC ရဲ့ ဖမ်းဝရမ်းထုတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံဟာ နိုင်ငံတကာ ရာဇဝတ်မှုတရားရုံး ICC ရဲ့ အဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့ပြီး ဒူတာတေးရဲ့ သမ္မ တသက်တမ်းအတွင်း ၂၀၁၉ ခုနှစ်မှာတော့ ICC ကနေ နုတ်ထွက်ခဲ့ပါတယ်။

ဒါပေမယ့် နုတ်ထွက်ကာလမတိုင်ခင် အဖွဲ့ဝင်နိုင်ငံဖြစ်တုန်းက ဖြစ်ရပ်တွေအတွက် ဝရမ်းထုတ်ထားတာဖြစ်လို့ ICC က တရားစီရင်ခွင့်ရှိနေတာလို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

ဒူတာတေးအနေနဲ့ နိုင်ငံ‌ရေးအာဏာ ထိန်းချုပ်နိုင်စွမ်းမရှိတော့တဲ့ အနေအထားမှာ တစ်ဘက်က အာဏာရ ပြိုင်ဘက်အစိုးရနဲ့လည်း မသင့်မြတ်မှုတွေ ရှိနေတဲ့အတွက် အခုလို ဖမ်းဆီးခံရတာလို့ ထောက်ပြကြပါတယ်။

တစ်ဘက်မှာ စစ်ခေါင်းဆောင်ရဲ့ အခြေအနေဟာ ဖမ်းဝရမ်းထုတ်ခံရဖို့ ICC တရားရုံးမှာ တောင်းဆိုထားတဲ့အဆင့်သာရှိနေသေးသလို မြန်မာနိုင်ငံဟာ နိုင်ငံတကာ ရာဇဝတ်မှုတရားရုံး ICC ရဲ့ အဖွဲ့ဝင်နိုင်ငံလည်း မဖြစ်ခဲ့ပါဘူး။

မြန်မာ့အရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက မြန်မာနိုင်ငံအနေနဲ့ ကြည့်ရင် စစ်ကောင်စီက အဲဒီအခြေအနေတွေနဲ့ မတူညီတဲ့အတွက် နိုင်ငံတွင်းမှာတင် စစ်ခေါင်းဆောင်ကို ပြန်ဖမ်းဖို့ မလွယ်ဘူးလို့ သုံးသပ်ပါတယ်။

“အရင်ဆုံးတော့ ICC က ဖမ်းဝရမ်းထုတ်ပေးဖို့ လိုလိမ့်တယ်။ အခု ဖမ်းဝရမ်းမထုတ်ဘဲနဲ့တော့ (စစ်ခေါင်းဆောင် မင်း‌အောင်လှိုင်) သူ့နိုင်ငံအတွင်းကလည်း သူ့လူကို အဲဒီလိုပြန်ဖမ်းဖို့က သိပ်မလွယ်ဘူး။ အခုအာဂျင်တီးနားက ဆွဲဆိုထားတဲ့ တရားရေးကနေ ဝရမ်းထုတ်ပေးဖို့ တောင်းဆိုတယ်။ အဲဒီကနေပြီးတော့မှ ICC ကနေ ဖမ်းဝရမ်းထုတ်လာမယ်ဆိုရင် တမျိုးဖြစ်မှာပေါ့။ သူ့ကိုလက်မခံတဲ့ဟာ ဒါမှမဟုတ် တခြားဖိအားပေးမှုပုံစံတစ်ခုခု ရှိလာတယ်ဆိုရင်တော့ ဖြစ်သွားနိုင်တယ်။ ဒါပေမယ့် အဲ ဒီလို ဖြစ်ဖို့ကတော့ ကျွန်တော်ထင်တယ် ပိုပြီးတော့ ဝေးပါသေးတယ်”လို့ ဆိုပါတယ်။

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှုအတွက် စေခိုင်းသူနဲ့ ကျူးလွန်သူတွေကို တရားရုံးတင် စစ်ဆေးဖို့ ဖမ်းဆီးမိန့် ဝရမ်းတစ်ရပ်ကို အာဂျင်တီးနားတရားရုံးက ထုတ်ပြန်လိုက်တယ်လို့ မြန်မာရိုဟင်ဂျာအဖွဲ့ ယူကေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီမှာ သတင်းထုတ်ပြန်ထားတာပါ။

ဖမ်းဝရမ်းထုတ်ခံရသူတွေထဲမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းအပါအဝင် မြန်မာစစ်တပ်အရာရှိ ၂၃ ဦးအပြင် သမ္မတဟောင်း ဦးထင်ကျော်နဲ့ နိုင်ငံ တော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ နာမည်ပါ ထည့်သွင်းခံခဲ့ရပါတယ်။

ICC ရဲ့ စွဲချက်တင်မှုတွေနဲ့ ဖမ်းဝရမ်းထုတ်ခံရသူတွေဟာ နိုင်ငံတကာဥပဒေအရ တရားစီရင်ခြင်းခံရနိုင်ပေမယ့် အဲဒီစွဲချက်တွေကို လိုက်နာဖို့ သက်ဆိုင်ရာနိုင်ငံတွေက သဘောတူညီမှု ရှိ မရှိဆိုတဲ့အ ပေါ်မှာလည်း မူတည်နေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.