ဂျက်ဒါ၊ မတ် ၁၂
ဆော်ဒီအာရေးဗီးယားမှာ အမေရိကန်နဲ့ယူကရိန်း ဆွေးနွေးပြီး တစ်ရက်အကြာ အမေရိကန် အဆိုပြုထားတဲ့ ရုရှားနဲ့ ရက် ၃၀ ကြာ ချက်ချင်း အပစ်ရပ်ရေး သဘောတူညီမှုကို လက်ခံဖို့ အသင့်ရှိတယ်လို့ ယူကရိန်းက ပြောကြားလိုက်ပါတယ်။
ဒီကမ်းလှမ်းမှုကို ရုရှားဆီ တင်ပြသွားမယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီယိုက ပြောကြားပြီး ရုရှားအပေါ် မူတည်နေတယ်လို့ ပြောထားပေမယ့် ကရင်မလင်နန်းတော်က မတုံ့ပြန်သေးပါဘူး။

အပြုသဘောဆောင်တဲ့ အဆိုပြုချက်ကို ရုရှား လက်ခံလာအောင် စည်းရုံးဖို့က အမေရိကန်အပေါ်မှာ မူတည်နေပြီလို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားထားတာပါ။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်က အမေရိကန်သမ္မတထရန့်နဲ့ ယူကရိန်းသမ္မတ ဇီလန်စကီးတို့ အိမ်ဖြူတော်မှာ အချင်းများခဲ့ကြပြီးနောက် မတ် ၁၁ ရက်က ဂျက်ဒါမြို့မှာ တွေ့ဆုံတာဟာ နှစ်နိုင်ငံကြား ပထမဆုံး တွေ့ဆုံမှု ဖြစ်ပါတယ်။
ပူးတွဲ ကြေညာချက်ထဲမှာတော့ အမေရိကန်က ယူကရိန်းသို့ ထောက်လှမ်းရေးသတင်း ပြန်လည် ဝေမျှပေးမှာ ဖြစ်သလို လုံခြုံရေး အကူအညီလည်း ချက်ချင်း ပြန်ပေးမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒီအဆိုပြုချက်ကို ရုရှားက လက်ခံမယ်လို့ မျှော်လင့်ကြောင်း ဝန်ကြီး ရူဘီယိုက ဂျက်ဒါမြို့မှာ မတ် ၁၁ ရက် ညနေပိုင်းမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့တာပါ။

ရုရှားနဲ့ယူကရိန်းကြား ချက်ချင်း အပစ်ရပ်ပြီး ညှိနှိုင်းမှုတွေ လုပ်ဆောင်ဖို့ အမေရိကန်က ကြိုးပမ်းနေတာ ဖြစ်ပါတယ်။
အခုအချိန်မှာတော့ ရုရှားအနေနဲ့ စစ်ပွဲကို ရပ်စေလိုတဲ့ ဆန္ဒရှိသလား ဒါမှမဟုတ် စစ်ဆက်တိုက်လိုသလား ဆိုတာကို ပြသရတော့မှာ ဖြစ်တယ်လို့ သမ္မတ ဇီလန်စကီးက ပြောပါတယ်။
ဒီအဆိုပြုချက်နဲ့ ပတ်သက်လို့ ရုရှားက လူသိရှင်ကြား မတုံ့ပြန်သေးပေမယ့် သြဇာကြီးတဲ့ ရုရှား လွှတ်တော်အမတ် တစ်ဦးကတော့ သဘောတူညီမှု ရယူမယ်ဆိုရင် ရုရှား သတ်မှတ်ချက်တွေအတိုင်း ဖြစ်ရမှာ ဖြစ်ပြီး အမေရိကန် သတ်မှတ်ချက်တွေနဲ့ သဘောတူညီမှု မယူဘူးလို့ ပြောဆိုထားပါတယ်။
Ref:BBC