ရေဖြူ၊ မတ် ၁၂

တနင်္သာရီတိုင်း ထားဝယ်ခရိုင် ရေဖြူမြို့နယ် နဘုလယ်ဒေသရှိ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းကို စစ်ကောင်စီက ရုရှားနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ စီစဉ်နေတဲ့အပါ် ကန့်ကွက်ရှုတ်ချကြောင်း တနင်္သာရီအခြေစိုက် အရပ်ဘက်အဖွဲ့တွေနဲ့ နိုင်ငံရေးအင်အားစု ၁၁ ဖွဲ့က မတ် ၁၀ ရက်နေ့မှာ သဘောထားထုတ်ပြန်လာပါတယ်။

ကျောက်မီးသွေးသုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံနဲ့ ရေနံချက်စက်ရုံတွေ ပါဝင်တဲ့ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းကို ရုရှားနိုင်ငံ စီးပွားရေးဖွံ့ဖြိုးမှု ဝန်ကြီး မက်ဆင်းရယ်ရှဲသငြိကော့ဗ်နဲ့ စစ်ကောင်စီဝန်ကြီး ဒေါက်တာကံဇော်တို့က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့တာပါ။

လက်ရှိအချိန်မှာ နိုင်ငံရေးမတည်ငြိမ်မှုနဲ့ တရားဥပဒေစိုးမိုးမှုမရှိတဲ့အပြင် စစ်ကောင်စီရဲ့ ဖိနှိပ် ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် အထွေထွေ လူမှုစီးပွားရေး အကျပ်အတည်းကို ခါးစည်းခံနေရတဲ့ ပြည်သူလူထုအား အတင်းအကျပ် နေရပ်ပြောင်းရွှေ့မှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေသာ ပိုမိုတိုးမြင့်လာနိုင်တာကြောင့် ကန့်ကွက်ရတာလို့ ဆိုပါတယ်။

ဒါကြောင့် စီမံကိန်းအကောင်အထည်ဖော်ဖို့ ဒေသခံတွေ ကိုယ်တိုင် ဆုံးဖြတ်ရမှာဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီနည်းကျ ဒီမိုကရေစီစံနှုန်းတွေနဲ့အညီ ဒေသခံတွေ ကိုယ်တိုင်တင်မြှောက်ထားတဲ့ အစိုးရသာလျှင် ထားဝယ်ဒေသရဲ့ ဖွံ့ဖြိုးရေးစီမံကိန်းကို ဆုံးဖြတ်ပိုင်ခွင့် ရှိတယ်လို့ ဆိုပါတယ်။

အဲဒီစီမံကိန်းမှာ ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံ၊ ရေနံချက်စက်ရုံအပြင် အခြားသော ညစ်ညမ်းစက်ရုံတွေ များစွာပါဝင်တဲ့ စက်မှုဇုန်စီမံကိန်းတွေ၊ ရေကာတာ၊ မြန်မာ-ထိုင်း နယ်စပ်ကို ဆက်သွယ်ထားတဲ့ အဝေးပြေးကားလမ်းမနဲ့ မီးရထားလမ်းတွေ ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

စီမံကိန်းကို အကောင်အထည်ဖော်တဲ့ ခေတ်အဆက်ဆက် အစိုးရလက်ထက်တွေမှာ ဒေသခံ ဌာနေတိုင်းရင်းသားတွေဟာ လူ့အခွင့်အရေးချိုးဖောက်ခံရတာ၊ အတင်းအကျပ်ပြောင်းရွေ့စေတာ၊ တရားမျှတဲ့ လျှော်ကြေးပေးဆောင်မှု မရှိခြင်း စတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ နဘုလယ်ဒေသ ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးတမ်းဆိုင်ရာ သမိုင်းအထောက်အထားတွေကို ပျက်စီးဆုံးခြင်းတွေ ရင်ဆိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။

ထားဝယ်ဒေသခံတွေဟာ သဘာဝ ပတ်ဝန်းကျင်မှပေးတဲ့ အရင်းအမြစ်တွေနဲ့ အသက်မွေးကြောင်းပြုပြီး တောတောင်ရေမြေနဲ့ ဆက်နွယ်နေထိုင်သူတွေ ဖြစ်တာကြောင့် အခုလို ညစ်ညမ်းတဲ့ စီမံကိန်းကို ထားဝယ်ဒေသမှာ တည်ဆောက်ဖို့ လုံးဝ မသင့်တော်ဘူးလို့ ထောက်ပြထားပါတယ်။

ထားဝယ်အထူးစီးပွားရေးဇုန်ကို ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၂ ခုနှစ်ကတည်းက မြန်မာ၊ ထိုင်းနဲ့ ဂျပန်တို့ ပူးပေါင်းပြီး အကောင်အထည်ဖော်ခဲ့ပေမယ့် မြေယာသိမ်းဆည်းမှုကိစ္စတွေအပါအဝင် ဒေသခံတွေ ကန့်ကွက်မှုကြောင့် စီမံကိန်း ရပ်နားသွားခဲ့တာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.