ထားဝယ်၊ မတ် ၁၂

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထားဝယ်မြစ်ချောင်းအတိုင်း ဆင်းလာတဲ့ စစ်ကောင်စီတပ် လှေတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ထားဝယ်ခရိုင်တပ်ပေါင်းစုထံက သိရပါတယ်။

အင်အား ၆၀ ဝန်းကျင်နဲ့ ထားဝယ်မြို့ကနေ သရက်ချောင်းမြို့နယ် ဆင်ဖြူပြင်ဆိပ်ကမ်းဘက်ကို ထားဝယ်မြစ်ကြောင်းအတိုင်း ဆင်းလာတဲ့ စစ်ကောင်စီတပ်လှေတစ်စီးကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက မတ် ၁၀ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အချိန် ၁၀ မိနစ်နီးပါးအကြာ နှစ်ဖက် အပြန်အလှန် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်လှေမှာ RPG ထိမှန်ပြီး မီးလောင်ကာ ဖြတ်မောင်းသွားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း စက်လှေကိုယ်ထည်မှာ မီးလောင်ပျက်စီးသွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ ၂၀ ဦးထက်မနည်း သေဆုံးခဲ့သလို ၃၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေး တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုအတွင်း စက်လှေကိုယ်ထည်ဟာ မီးလောင်ပျက်စီးသွားတာကြောင့် ထားဝယ်နဲ့ ကျောက်နီမော်ကျေးရွာကြားက တစ်နေရာမှာ အခြားစက်လှေတစ်စီးနဲ့ စစ်ကောင်စီတပ်သားတွေကို လာရောက်သယ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

တော်လှန်ရေးအင်အားစုတွေရဲ့ ပြောပြချက်အရ ပုံမှန်ဆိုရင် စစ်ကောင်စီတပ်သားတွေဟာ စက်လှေနှစ်စီးနဲ့ သွားလာလေ့ရှိပေမယ့် အခုတစ်ခါမှာတော့ စက်လှေတစ်စီးထဲနဲ့ စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်တွေ အပါအဝင် စစ်ကောင်စီတပ်သား အများအပြား တင်ဆောင်လာပြီး ထားဝယ်မြို့ကနေ မြိတ်မြို့ဘက်ကို သွားမယ်လို့ သိရပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ပြောဆိုပေမယ့် သံလွင်တိုင်းမ်အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ပြီးခဲ့တဲ့ မတ် ၈ ရက်နေ့ကလည်း လောင်းလုံးမြို့ပေါ်ရှိ စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ နေရာသုံးခု ဝင်ရောက်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – LLPDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.