ဘေဂျင်း၊ မတ် ၁၂

အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်တွင်း တရုတ်ရဲ့ လုပ်ရပ်တွေဟာ အန္တရာယ်များပြီး မတည်မငြိမ် ဖြစ်စေတယ်လို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ် လမ်မီက ပြောကြားလိုက်ပြီးနောက် တင်းမာမှုတွေ မြင့်တက်အောင် ရန်မစဖို့ ဘေဂျင်းက လန်ဒန်အစိုးရကို မတ် ၁၁ ရက်မှာ သတိပေးလိုက်ပါတယ်။

ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ပိုင် သင်္ဘော တစ်စီးနဲ့အတူ တစ်စိတ်တစ်ပိုင်း ရိုက်ထားတဲ့ ဗီဒီယိုဖိုင်မှာ ဝန်ကြီးလမ်မီက တောင်တရုတ် ပင်လယ်အတွင်း တရုတ်ရဲ့ လုပ်ရပ်တွေကို ပြစ်တင် ရှုတ်ချခဲ့တာ ဖြစ်ပါတယ်။

ဗျူဟာအရ အရေးပါတဲ့ တောင်တရုတ်ပင်လယ် တစ်ခုလုံးနီးပါးကို တရုတ်က သူတို့ပိုင်တယ်လို့ ပြောဆိုထားပြီး နိုင်ငံတကာတရားရုံးက တရုတ်ရဲ့ ပြောဆိုမှု တရားမဝင်ဘူးလို့ ဆုံးဖြတ်ထားပါတယ်။

ဝန်ကြီး လမ်မီရဲ့ ပြောဆိုမှုတွေနဲ့ ပတ်သက်လို့ မေးမြန်းရာမှာ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မောနင်းက တရုတ်ရဲ့ နယ်နိမိတ်ဆိုင်ရာ အချုပ်အခြာအာဏာနဲ့ တောင်တရုတ်ပင်လယ်တွင်း ရေပြင် အကျိုးစီးပွားတွေနဲ့ အခွင့်အရေးတွေကို ဗြိတိန်က လေးစားသင့်ပြီး ဒေသဆိုင်ရာ အငြင်းပွားမှု ပိုဆိုးလာအောင် မလုပ်ဖို့နဲ့ တင်းမာမှုတွေ ပိုဆိုးလာအောင် ရန်စတာတွေ မလုပ်ဖို့ သတိပေး ပြောကြားလိုက်တာပါ။

လက်ရှိ တောင်တရုတ်ပင်လယ်ဟာ ကမ္ဘာမှာ ဘေးအကင်းဆုံးနဲ့ အလွတ်လပ်ဆုံး ရေလမ်းကြောင်း ဖြစ်တယ်လို့လည်း ပြောခွင့်ရ မာအို နင်းက ပြောပါတယ်။

တောင်တရုတ်ပင်လယ်ထဲရှိ အရေးပါတဲ့ သန္တာကျောက်တန်း တစ်ခုနဲ့ ကျွန်းတွေဆီ ဖိလစ်ပိုင် သင်္ဘောတွေ မရောက်ရှိစေရေး တရုတ် ကမ်းခြေစောင့်တပ်က တားဆီးမှုတွေ လုပ်ဆောင်နေတာကြောင့် မကြာခဏ ထိပ်တိုက်တွေ့မှုတွေ ဖြစ်ပွားနေပါတယ်။

ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးနဲ့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးတို့ မတ် ၈ ရက်မှာ တွေ့ဆုံခဲ့ပြီး ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးနဲ့ ရေပြင် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီမှုတွေ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ဖိလစ်ပိုင်ဟာ အမေရိကန်၊ သြစတြေးလျ၊ ဂျပန်တို့နဲ့လည်း အလားတူ သဘောတူညီမှုတွေ လက်မှတ် ရေးထိုးထားပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.