“ဒီလို အတုအယောင်ရွေးကောက်ပွဲကို ထောက်ခံခြင်းသည် လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးပဋိပက္ခကို ပိုမိုကြီးထွားအောင် လုပ်ဆောင်နေခြင်းသာ ဖြစ်တဲ့အတွက် သူတို့ရဲ့ အတုအယောင် ရွေးကောက်ပွဲဟာ တရားမဝင်ပါဘူး” – နိုင်အဲမွန် (မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း)

အခုနှစ် ဒီဇင်ဘာ ဒါမှမဟုတ် နောက်နှစ် ဇန်နဝါရီ အစောပိုင်းမှာ အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ စီစဉ်ထားတယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဘယ်လာရုစ် ခရီးစဉ်မှာ ထုတ်ပြောခဲ့ပါတယ်။

နိုင်ငံ့အာဏာကို လက်နက်အားကိုးနဲ့ သိမ်းယူထားတဲ့ စစ်ကောင်စီက ရွေးကောက်ပွဲတစ်ရပ် ပြန်လည်ကျင်းပပေးပြီး အာဏာရပါတီကို နိုင်ငံ့တာဝန်တွေ လွှဲအပ်ပေးမယ်လို့ အမြဲတစေ ကြွေးကြော်ခဲ့ပါတယ်။

တစ်ဘက်မှာ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး လက်နက်ကိုင်တိုက်ပွဲတွေကလည်း နိုင်ငံအနှံ့ ဆက်လက်ဖြစ်ပွားနေသလို စစ်ကောင်စီရဲ့ စိုးမိုးနယ်မြေကလည်း သုံးပုံတစ်ပုံတောင် မပြည့်တော့ပါဘူး။

ဒီအခြေအနေမှာ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကို တရုတ်အပါအဝင် ရုရှားနဲ့ ဘယ်လာရုစ်နိုင်ငံတွေက ထောက်ခံပေးနေသလို လိုအပ်တဲ့ အကူအညီတွေလည်း ပေးသွားမယ်လို့ ထုတ်ပြောထားကြတာပါ။

ဒါကြောင့် ဒီအခင်းအကျင်းမှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအချိန်ဇယားနဲ့ ဒေသတွင်း ပြည်သူတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်ခံရနိုင်တာတွေအပါအဝင် ဖြစ်နိုင်ခြေအလားလာတွေအကြောင်း မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း၊ ပရိုဂရမ် ဒါရိုက်တာ နိုင်အဲမွန်ကို သံလွင်တိုင်းမ်က အခုလိုပဲ မေးမြန်းထားပါတယ်။

မေး – လက်နက်ကိုင်တိုက်ပွဲတွေကြား ရွေးကောက်ပွဲကို မရမက ကျင်းပလာရင် ပြည်သူတွေအနေနဲ့ အထူးသဖြင့် စစ်ကောင်စီ နယ်မြေစိုးမိုးမှုအတွင်းက အရပ်သားပြည်သူတွေ မဲပေးဖို့ လူ့အခွင့်အရေးချိုးဖောက်ခံရနိုင်ဖွယ်ရှိမလား။

ဖြေ – ဒီမေးခွန်းက ကျွန်တော်တို့ လူ့အခွင့်အရေးမှတ်တမ်းတင်ခြင်း၊ ချိုးဖောက်မှုတွေကို စောင့်ကြည့်လေ့လာခြင်းနဲ့ ထုတ်ပြန်ပြောဆိုမှုတွေနယ်ပယ်တွေဆီက အစိုးရိမ်ရဆုံးဖြစ်လာနိုင်မယ့် အခြေအနေတွေဖြစ်တယ်။ 

စစ်အုပ်စုရဲ့ မတရား အာဏာသိမ်းအလွန်ကာလမှာ ရွေးကောက်ပွဲ အတုအယောင်ကို သူတို့အနေနဲ့ မဖြစ်ဖြစ်တဲ့နည်းနဲ့ လုပ်လိမ့်မယ်ဆိုတာ ကြိုတွက်ပါတယ်။ သို့သော် မြေပြင်က သူတို့ရဲ့အခြေအနေက လွတ်လပ်မျှတပြီး အားလုံးပါဝင်မယ့် ရွေးကောက်ပွဲတွေကို လုပ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါ။ ဒါကြောင့် အတုအယောင်လို့ ကျတော်တို့ပြောတာပါ။

‘မရမက’ သာလုပ်မယ်ဆိုရင် ဧကန်မုချ ပြည်သူတွေဟာ UDHR ပုဒ်မ ၂၁ က အခွင့်အရေးတွေ ICCPR ပုဒ်မ ၂၅ က အခွင့်အရေးတွေကို တိုက်ရိုက်ချိုးဖောက်ခံရမှာဖြစ်တဲ့အပြင် မြေပြင်မှာလည်းပဲ ရွေးကောက်ပွဲနဲ့ ဆက်စပ်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုများစွာ ကြုံတွေ့ကြရမှာပါ။ 

စိတ်ဝမ်းကွဲကြမယ်၊ အများကစိုးရိမ်တဲ့ မွေးရာပါ အခွင့်အရေး၊ လွတ်လပ်မှုနှင့် ငြိမ်းချမ်းရေးကို အန္တရာယ်အများကြီးဖြစ်စေနိုင်ပါမယ်။ သူတို့ထိန်းချုပ်နယ်မြေမှာ ကျင်းပခဲ့ရင်တောင် ဘယ်လိုအခြေအနေမျိုးမှာမှ သမာသမတ်ကျတဲ့၊ လွတ်လပ်ပြီး တရားမျှတတဲ့ နိုင်ငံရေးကိုယ်စားပြုမှုကြီး ဖြစ်လာမှာ မဟုတ်ဘူးဆိုတာ အသေအချောပါပဲ။

မေး – တရုတ်၊ ရုရှား စတဲ့ နိုင်ငံတွေက စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကို ထောက်ခံပေးနေသလို အကူအညီတွေလည်း ပေးမယ်၊ နောက်ပြီး စောင့်ကြည့်လေ့လာရေးအဖွဲ့တွေလည်း စေလွှတ်မယ်လို့ ပြောထားတယ်။ ဆိုတော့ အတိုင်းအတာတစ်ခုအထိ ရွေးကောက်ပွဲ အထမြောက်လို့ ရလဒ်ထွက်လာရင် ဘယ်လောက်အထိ လွတ်လပ်တရားမျှတမှု ရှိနိုင်မလဲ။

ဖြေ – အဲဒီ စစ်အုပ်စု မိတ်ဖက်နိုင်ငံတွေဟာ စစ်အုပ်စုနဲ့ မသူတော်အချင်းချင်း သတင်းလွေ့လွေ့ ပေါင်းဖက်တွေ့တဲ့သဘောပါပဲ။ နိုင်ငံတကာက ဂုဏ်သိက္ခာရှိရှိနဲ့ ပေါင်းဖက်ဆက်ဆံကြတဲ့ နိုင်ငံမဟုတ်တာ အားလုံးအသိပါ။ 

ဒါကြောင့် အာဏာရှင်အချင်းချင်း ဝန်းရံတဲ့ အခင်းအကျင်းသာဖြစ်လို့ အထမြောက်တယ်လို့ သူတို့အနေနဲ့ ကြေညာသည့်တိုင် အထက်ကပြောသလို လွတ်လပ်ပြီး မျှတတဲ့ အားလုံးပါဝင်မယ့် ရလဒ်မဟုတ်တာတော့ ရဲရဲကြီးပြောနိုင်ပါတယ်။

စစ်အုပ်စုဟာ စစ်ရာဇဝတ်မှုတွေကို အဖန်တလဲလဲ ကျူးလွန်နေတဲ့အတွက်ကြောင့်မို့ လူ့အခွင့်အရေးစံကို တန်ဖိုးထားတဲ့ နိုင်ငံတွေနဲ့ ကမ္ဘာ့နိုင်ငံတွေက အခု စစ်ကောင်စီက ကျင်းမယ်လုပ်တဲ့ အတုအယောင် ရွေးကောက်ပွဲကို ထောက်ခံပံ့ပိုးမှုများ မပြုလုပ်ဖို့ ကျွန်တော်တို့တွေ အရင်ကတည်းက လေးလေးနက်နက် တောင်းဆို advocate လုပ်နေတာပါ။ 

ဒီလို အတုအယောင်ရွေးကောက်ပွဲကို ထောက်ခံခြင်းသည် လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးပဋိပက္ခကို ပိုမိုကြီးထွားအောင် လုပ်ဆောင်နေခြင်းသာ ဖြစ်တဲ့အတွက် သူတို့ရဲ့ အတုအယောင် ရွေးကောက်ပွဲဟာ တရားမဝင်ပါဘူး။

တိုင်းရင်းသားပြည်သူလူထုရဲ့ စိတ်ရင်းဆန္ဒကလည်း အတင်းအကြပ် သေနတ်နဲ့တေ့ပြီး မဲရုံကို သွားရမယ့် အခြေအနေမို့ ဖြစ်နိုင်တဲ့နည်းနဲ့ ဆန့်ကျင်ကန့်ကွက်ဖို့ အစဉ်တစိုက် ပြောနေကြတာပါ။ နိုင်ငံတကာကလည်း သိအောင် နိုင်ငံရေးအင်အားစုတွေ လူ့အခွင့်အရေးနယ်ပယ်က လုပ်နေသူတွေအနေနဲ့ ကန့်ကွက် ဖော်ထုတ်သွားမှာ ဖြစ်ပါတယ်။

မေး – တကယ်လို့ ရွေးကောက်ပွဲကို စစ်ကောင်စီထိန်းချုပ်နယ်မြေရော လက်ရှိတော်လှန်ရေးမှာ တိုက်ပွဲမဖြစ်တဲ့ NCA ထိုးထားတဲ့ EAO တွေရဲ့ နယ်မြေတွေမှာရော ပြုလုပ်ပြီး ပြည်သူတွေ မဲပေးရတာမို့ တက်လာမယ့် ကိုယ်စားလှယ်တွေက တရားဝင်မှုရသွားပြီလို့ ပြောနိုင်မလား။ဘယ်လိုမြင်လဲ။

ဖြေ – ဖြစ်နိုင်ပါတယ်၊ သူတို့ဒီလိုပဲ သူ့မိတ်ဖက်အင်အားစု အသိုင်းအဝိုင်းသေးသေးလေးတွေကို ဗဟိုပြုပြီး ကြိုကြား ကြိုကြား ကွက် လုပ်သွားပြီး အတုအယောင်ရလာဒ်ကို ကြေညာသွားနိုင်ပါမယ်။ 

ဒီနိုင်ငံမှာ ရှေးက သာဓကတွေ အများကြီးရှိခဲ့တာပဲ။ အတုအယောင် ရွေးကောက်ပွဲသာဖြစ်လို့ တရားဝင် ကိုယ်စားပြုမှုလို့ ကမ္ဘာကြီးက သတ်မှတ်ဖို့တော့ အတော်ခက်ပါလိမ့်မယ်။

အာဏာရှင်တွေ လုပ်လေ့ရှိတဲ့အတိုင်း ဝါဒဖြန့်မှုတွေ၊ သူတို့မီဒီယာတွေကနေ မှိုင်းတိုက်မှာတွေ လွတ်လပ်စွာဖော်ထုတ် ပြောဆိုမှုတွေကို ပိတ်ပင်ဟန့်တားမှာတွေ ကန့်ကွက်သူတွေကို မတရား ဖမ်းဆီးနှိပ်ကွပ်၊ နှစ်ရှည်ထောင်တန်းချမှာတွေဆိုတာ နေ့စဉ်ဖြစ်လာမယ့် ချိုးဖောက်မှုတွေလို့ ခန့်မှန်းတယ်၊ (အတုအယောင်ရွေးကောက်ပွဲ) ဖြစ်လာခဲ့ရင်ပေါ့။

မေး – ဒီအပေါ် အတင်းအကြပ်ပဲပြောပြော လူထုက မဲပေးထားလို့ အစိုးရအဖွဲ့ ဖြစ်လာမယ့် ကိုယ်စားလှယ်တွေတက်လာရင် စစ်အာဏာရှင်စနစ် တော်လှန်ရေးနဲ့ တော်လှန်သူတွေအပေါ် ဘယ်လောက်အထိ ရိုက်ခတ်လာနိုင်မလဲ။

ဖြေ – အနည်းနဲ့အများတော့ ရိုက်ခတ်လာနိုင်တယ်။ ဥပမာ ပိုပြီး ရန်/ငါစည်းခြားမှုတွေဖြစ်လာမယ်။ ဥပမာ မွန်မှာဆို ရွေးကောက်ပွဲဝင်မယ့် MUP စစ်အုပ်စုနဲ့ ဆက်ဆံနေတဲ့အဖွဲ့တွေနဲ့ တော်လှန်မှုကို support လုပ်နေတဲ့ ထောက်ခံတဲ့ အင်အားစုကြား ပိုပြီး အဖြူအမည်းကွဲကြလိမ့်မယ်။ 

ရပ်ရွာအတွင်းမှာ ဒလန်တွေ သတင်းပေးတွေ အကူအညီနဲ့ တော်လှန်ရေးအင်အားစုတွေကို တနည်းတဖုံနဲ့ ထောက်ပို့လုပ်နေတဲ့ အနေအထားကို အတော်လေး ထိခိုက်နိုင်တယ်။

သို့ပေမယ့် ရွေးကောက်ပွဲမဖြစ်သေးတဲ့ အခုလို အခြေအနေမျိုးမှာတောင် တော်လှန်ရေးဟာ သူ့နည်းသူ့ဟန်နဲ့ ရှေးဆက်နေတဲ့အတွက် အစိုးရအဖွဲ့ ဖြစ်လာရင်တောင် တော်လှန်ရေးကာလမှာ သူတို့အနေနဲ့ governance & administration တွေကို လောက်လောက်လားလား လုပ်နိုင်မယ်မထင်ပါဘူး။ မလွှမ်းခြုံနိုင်ဘူးလို့ မြင်တယ်။

သို့သော် မေးခွန်းထဲကအတိုင်းပဲ သူတို့အနေနဲ့ သူတို့ရဲ့ထွက်ပေါက်တပေါက်တည်းဖြစ်မယ့် ရွေးကောက်ပွဲကို လုပ်လိုက်နိုင်မယ်ဆိုရင် နိုင်ငံတကာမှာ သူတို့ရဲ့တရားဝင်မှုကို တစုံတရာ support ဖြစ်သွားနိုင်တော့ အဲဒီအခင်းအကျင်းက လက်ရှိ သူတို့ရဲ့တရားဝင်မှုကို ဆန့်ကျင်မယ့် advocacy ကိုတော့ အနည်းငယ် ထိခိုက်ဝေဝါးစေနိုင်ပါတယ်။

မေး – မွန်ပြည်နယ်မှာလည်း မြို့သိမ်းစခန်းသိမ်းတိုက်ပွဲတွေ မရှိသေးတဲ့အခါကျတော့ ရွေးကောက်ပွဲကျင်းပဖို့ ကြိုးပမ်းလာရင် စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအဖွဲ့တွေကြား ဒေသတွင်းနေ အရပ်သားတွေအပေါ်မှာ ဘယ်လိုမျိုး သက်ရောက်လာနိုင်မလဲ။

ဖြေ – ကျွန်တော် အထက်မှာရှင်းပြခဲ့သလိုပဲ သူတို့ဖိနိုင်တဲ့ နယ်တွေမှာရှိတဲ့ ပြည်သူလူထုတွေတော့ သူတို့လိုရာ ရလဒ်တွေမှာ တောက်လျှောက် အခြေခံ လူ့အခွင့်အရေးတွေ၊ နိုင်ငံသားနဲ့ နိုင်ငံရေး အခွင့်အရေးအပါအဝင် လွတ်လပ်စွာ ရပ်တည်၊ နိုင်ငံရေးအရ ကိုယ်စားပြုမှု၊ တိုင်းရင်းသားနိုင်ငံရေး၊ ပြောဆို ရေးထား ထုတ်ဖော်မယ့်ကိစ္စတွေအားလုံး အတော် အချိုးဖောက်ခံရပါမယ်။ 

မွန်အပြင် ရန်ကုန်တိုင်း၊ ပဲခူး၊ ဧရာဝတီနဲ့ ကရင်နယ်တွေမှာလည်း အလားတူ ဖြစ်လာနိုင်တာပဲ။

မေး – နောက်ဆုံးအနေနဲ့ အာဏာသိမ်း စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲတစ်ရပ်ကို ကျင်းပဖို့ အခွင့်မရှိဘူးဆိုပေမယ့် ကျင်းပဖို့ စီစဉ်နေသလို နိုင်ငံအနှံ့ စစ်အာဏာရှင်နစ် အမြစ်ပြတ်ရေးကလည်း ဆက်ရှိနေတာမို့ ရွေးကောက်ပွဲက တကယ်ရော ဖြစ်နိုင်ရဲ့လား။ ဖြစ်လာမှာလား။

ဖြေ – ကျွန်တော့်အမြင်တော့ ဖြစ်လာနိုင်မယ်လို့ မယုံသေးဘူး။ အာဏာသိမ်းခေါင်းဆောင်က သူဖြစ်ချင်တာပဲ ပြောလေ့ရှိတာမို့လို့ပါ။ ဖြစ်ခဲ့ရင်တောင် သူပြောတဲ့ timeline ထက် နောက်ကျနိုင်ပါလိမ့်မယ်။ ဖြစ်ခဲ့ရင်လည်း အတုအယောင် အခင်းအကျင်း တစ်စုံလုံးသာဖြစ်မှာပါ။

ကျွန်တော်တို့ တိုင်းရင်းသားပြည်သူအားလုံးရဲ့ ဘုံရည်မှန်းချက်ပန်းတိုင်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု စံနှုန်းနဲ့ ဆန့်ကျင်သွေဖယ်မယ့် အတုအယောင် ရလဒ် အာဏာရှင်ရဲ့ ထွက်ပေါက်လမ်းသာ ဖြစ်မှာပါ။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.