TNLA နယ်မြေမှာ စစ်ကောင်စီတိုက်ခိုက်မှုကြောင့် အရပ်သား ၁၇ ဦး သေဆုံး
နောင်ချို၊ မတ် ၁၁
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုနဲ့ ဒရုန်းဗုံးကြဲမှုတွေကြောင့် အရပ်သားပြည်သူ ၁၇ ဦး သေဆုံးခဲ့ပြီး ၄၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF က မတ် ၁၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ TNLA ထိန်းချုပ်ထားတဲ့ နောင်ချို၊ မိုးမိတ်နဲ့ မိုးကုတ်မြို့နယ်တွေမှာ စစ်ကောင်စီလက်ချက်ကြောင့် အပြစ်မဲ့အရပ်သားပြည်သူတွေ သေဆုံးခဲ့တာပါ။
စစ်ကောင်စီတပ်က ဖေဖော်ဝါရီအလယ်မှာ နောင်ချိုမြို့နယ်တောင်ပိုင်း တောင်ခမ်းအနီးရှိ တပ်စ ခန်းတွေကို ပြန်လည်ထိန်းချုပ်ဖို့အတွက် အပြင်းထန်ဆုံး လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့သလို တရုတ်ရဲ့ ဦးဆောင်မှုနဲ့ ကူမင်းမြို့မှာပြုလုပ်ခဲ့တဲ့ တွေ့ဆုံပွဲချိန်မှာလည်း တိုက်ခိုက်မှုတွေ ပြု လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
တွေဆုံဆွေးနွေးမှု ရလဒ်မထွက်ဘဲ ပြီးဆုံးခဲ့ပြီးနောက် ရက်အနည်းငယ်အကြာ ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ စစ်ကောင်စီက နောင်ချိုမြို့ကို ဗုံးကြဲခဲ့တာကြောင့် ဆေးရုံတစ်ရုံ ထိခိုက်ပျက်စီးခဲ့ပြီး အရပ် သား ၃ ဦးသေဆုံးကာ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ နောင်ချိုမြို့နယ်မှာ အများဆုံးဖြစ်ပွားခဲ့ပြီး မိုးမိတ်နဲ့ မိုးကုတ်မြို့နယ်ရှိ သတ္တုတူးဖော်ရာဒေသတွေကိုလည်း ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၅ ဦး သေဆုံးပြီး ၂၀ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ SHRF က ဆိုပါတယ်။
ဖေဖော်ဝါရီလအတွင်း TNLA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ စစ်ကောင်စီတပ်ကြောင့် ဘုန်ကြီးကျောင်း ၂ ကျောင်း၊ ဆေးရုံ ၁ ရုံနဲ့ ကျောင်း ၁ ကျောင်းအပါအဝင် နေအိမ် အဆောက်အဦး ၈၅ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ တစ်ပတ်အတွင်း နောင်ချိုမြို့နဲ့ ကျောက်မဲမြို့နယ်တွေမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၅ ဦးသေဆုံးခဲ့ပြီး ၃၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ SHRF က ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – TNLA