ကော့ကရိတ်၊ မတ် ၁၂

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ထဲကို နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ဆင်ရေးအဖြစ် ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းတွေနဲ့ KNLA PDF ပူးပေါင်းတပ်တို့အကြား အခုနှစ် ဖေ ဖော်ဝါရီလကုန်ပိုင်းကစပြီး နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန် ပြန်လည်ဖြစ်ပွားနေပါတယ်။

မြဝတီ၊ သင်္ဃန်းညီနောင်ဒေသနဲ့ အာရှလမ်းမကြီးကို ပြန်လည်စိုးမိုးထိန်းချုပ်နိုင်ဖို့အတွက် စစ်ကောင်စီတပ်ဟာ နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ဆင်ရေးကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဧပြီလပိုင်းက စတင်ဖော်ဆောင်ခဲ့တာဖြစ်ပြီး အခု ၂၀၂၅ ခုနှစ် မတ်လအထိ ၁ နှစ်နီးပါးကြာ နှစ်ဖက်တိုက်ပွဲတွေ ဆက်ဖြစ်နေတာပါ။

ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးပေါ်က တောနော်ရေတံခွန်အထက်နားဝန်းကျင်မှာ တပ်စွဲအ ခြေစိုက်နေထိုင်တဲ့ အောင်ဇေယျစစ်ကြောင်းလက်အောက်ခံ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူး ပေါင်းအဖွဲ့တို့အကြား တိုက်ပွဲတွေဆက်ဖြစ်နေသလို ကော့ကရိတ်မြို့မြောက်ဘက် အောင်ဇေယျစစ်ကြောင်းတပ်နဲ့ ပူးပေါင်းအဖွဲ့တို့အကြား နှစ်ဖက်စစ်ရေးတင်းမာမှုတွေ ဆက်ဖြစ်နေပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းက ကော့ကရိတ်မြို့ တောင်ဘက်ပိုင်း ကော့နွဲ့ရွာနဲ့ ရွာသစ်ကုန်းဘက်တွေကို စစ်ကောင်စီတပ်ရဲ့ အောင်ဇေယျစစ်ကြောင်း ထိုးစစ်ဆင်ဝင်ရောက်လာခဲ့တဲ့အ တွက် KNLA PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား ကော့နွဲ့ရွာနဲ့ ရွာသစ်ကုန်းအနီးဝိုက်မှာ တိုက်ပွဲအပြင်း အထန်ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်မှုတွေ ရှိနေတယ်လို့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေဘက်က သတင်းထုတ်ပြန်ထားပါတယ်။

ကော့ကရိတ်တောင်ပိုင်း ရွာသစ်ကုန်းနဲ့ ကော့နွဲ့ရွာတို့မှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲတွေဟာ အခုလ မတ်လပိုင်းအထိ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီတပ်က ကော့နွဲ့နဲ့ ရွာသစ်ကုန်းရွာက ဒေသခံပြည်သူတို့ရဲ့ နေအိမ်အလုံးပေါင်း ရာနဲ့ချီကို မီးရှို့ဖျက်ဆီးသွားခဲ့သလို ကော့ကရိတ်တောင်ပိုင်းက ကျေးရွာတွေအပေါ် လေကြောင်းအပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ကော့ကရိတ်တောင်ပိုင်း ကျေးရွာတွေအပေါ် စစ်ကောင်စီတပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေကြောင့် စာသင်ကျောင်း ဘုန်းကြီးကျောင်းနဲ့ နေအိမ်အဆောက်အဦးတွေ အများအပြား ထိခိုက်ပျက်စီးခဲ့ရပြီး ဒေသခံအချို့လည်း ထိခိုက်ဒဏ်ရာရတာတွေ ရှိခဲ့တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ထားပါတယ်။

ကော့ကရိတ်မြို့နယ်ထဲရောက်ရှိနေတဲ့ နိုင်ငံတော်အဆင့် စစ်ဆင်ရေးဖြစ်တဲ့ အောင်ဇေယျစစ် ကြောင်းထံ စစ်ကောင်စီတပ်က စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်အများအပြားနဲ့ တပ်အင် အား အဆက်မပြတ်ထပ်မံဖြည့်ဆည်းလာနေပြီး ကော့ကရိတ်တောင်ပိုင်းဘက်ကို ဦးတည်ကာ ထိုး စစ်ဆင်မှုတွေ လုပ်ဆောင်လာနေတာပါ။

ကော့ကရိတ်မြို့နယ်မှာ တစ်နှစ်နီးပါးကြာ ရောက်ရှိနေတဲ့ အောင်ဇေယျစစ်ကြောင်းလက်အောက်ခံ တပ်ရင်းတွေထဲက စစ်ကောင်စီတပ်သားတွေဟာ KNLA တော်လှန်ရေးပူးပေါင်းအဖွဲ့ဆီ လက်နက် ချအလင်းဝင်ရောက် ထွက်ပြေးလာတာတွေ အများအပြားရှိနေတယ်လို့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေဆီကနေ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.