ဘီးလင်း၊ မတ် ၁၁
မွန်ပြည်နယ် ဘီးလင်းမြို့နယ် အလူးလေးကျေးရွာနဲ့ပိုင်ဒဝယ်ကျေးရွာကြားမှာ စစ်ကောင်စီတပ် ဒရုန်းနဲ့ဗုံးချ တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူနှစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မနေ့ မတ် ၁၀ ရက်နေ့ နေ့လည် ၂ နာရီအချိန်ခန့်မှာ စစ်ကောင်စီတပ်ဟာ အလူးလေးကျေးရွာနဲ့ပိုင်ဒဝယ်ကျေး ရွာချင်းဆက်လမ်းပေါ်မှာရှိတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU စစ်ဆေးရေးဂိတ်ကို ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုအတွင်း ဒရုန်းဗုံးတစ်လုံးဟာ ကျေးရွာချင်းဆက်လမ်းဆုံအပေါ် ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ကွမ်းသီးခူးပြီး ပြန်လာတဲ့ အလူးလေးကျေးရွာနေ အသက် ၆၀ အရွယ် ဦးသန်းလှိုင်နဲ့ အသက် ၅၀ အရွယ် ဦးထွန်းဇော်တို့ ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။
ဒရုန်းဗုံးထိမှန် ဒဏ်ရာရရှိခဲ့တဲ့ ဦးသန်းလှိုင်ဟာ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေမှာရှိနေတာကြောင့် ဒေသခံတွေအကူအညီနဲ့ ဘီးလင်းမြို့နယ်ပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေရပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ စစ်ကောင်စီတပ် ဒရုန်းနဲ့ဗုံးချ တိုက်ခိုက်မှုမှာ KNU တပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရတာမရှိဘဲ ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့ကလည်း ဘီးလင်းမြို့နယ် ပျဉ်သာကျေးရွာထဲကို စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် သားအမိနှစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media