မော်စကို၊ မတ် ၁၁

ယူကရိန်း ငြိမ်းချမ်းရေး ရရှိရေး အမေရိကန်ရဲ့ ကြိုးပမ်းမှုကို ဗြိတိန်က ဖျက်လိုဖျက်ဆီး လုပ်နေတယ်လို့ ရုရှား နိုင်ငံခြားထောက်လှမ်းရေးဌာနက မတ် ၁၀ ရက်မှာ စွပ်စွဲလိုက်ပြီး ဗြိတိန်ဟာ ကမ္ဘာမှာ အကြီးမားဆုံး စစ်မီးမွှေးတဲ့နိုင်ငံ ဖြစ်တယ်လို့ ပြောပါတယ်။

ဝါရှင်တန်က နိုင်ငံတကာကိစ္စတွေမှာ ဗြိတိန်ကို ဘေးထုတ်ထားတာကြောင့် ဒေါ်နယ်ထရန့်ရဲ့ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး ကြိုးပမ်းမှုတွေကို အားလျော့အောင် လုပ်ဆောင်နေတယ်လို့ SVR ထောက်လှမ်းရေး အေဂျင်စီက ပြောကြားခဲ့ပါတယ်။

ဗြိတိန်ဟာ ကမ္ဘာစစ်ပွဲ နှစ်ခုစလုံးကို စတင် တိုက်ခိုက်ခဲ့တဲ့နိုင်ငံ ဖြစ်ပြီး ယူကရိန်း ငြိမ်းချမ်းရေးကို အနှောင့်အယှက် ပေးနေတဲ့ လုပ်ရပ်တွေ အောင်မြင်မှာ မဟုတ်ဘူးလို့ ရုရှားက ပြောပါတယ်။

ရုရှား ထောက်လှမ်းရေးဌာနတွေက ကရင်မလင်နန်းတော်ရဲ့ ဝါဒဖြန့် အစီအစဉ်အတိုင်း ဗြိတိန်ကို လူဆိုး ဇာတ်သွင်းလေ့ ရှိပါတယ်။

ယူကရိန်းရဲ့ အဓိက မဟာမိတ်နိုင်ငံ ဖြစ်တဲ့ ဗြိတိန်က ရုရှားနဲ့ ယူကရိန်းကြား သဘောတူညီမှု ရရှိခဲ့ရင် အပစ်အခတ် ရပ်စဲမှုကို ထိန်းသိမ်းရေး ငြိမ်းချမ်းရေး ညွှန့်ပေါင်းအဖွဲ့အတွက် တပ်ဖွဲ့ဝင်တွေ စေလွှတ်သွားမယ်လို့ ပြောထားပါတယ်။

ဒီလို လုပ်ဆောင်ရင် ရုရှားနဲ့ ယူကရိန်းရဲ့ အနောက်တိုင်း မဟာမိတ်တွေကြား တိုက်ရိုက် စစ်ပွဲကို ရှောင်လွှဲနိုင်တော့မှာ မဟုတ်ဘူးလို့ ရုရှားက ပြောထားတာပါ။

ဗြိတိန်က ရုရှားနယ်စပ်တွေမှာ ရုရှား အကြောက်တရားတွေ ရိုက်သွင်းပြီး ရုရှားကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေတယ်လို့လည်း SVR က ပြောပါတယ်။

မော်စကိုရှိ ဗြိတိန်သံရုံးနဲ့ ဆက်နွယ်သူ နှစ်ဦးကို ရုရှားက မတ် ၁၀ ရက်နေ့မှာ နှင်ထုတ်ခဲ့ပြီး တန်ပြန် ထောက်လှမ်းနေသူတွေ ဖြစ်တယ်လို့ အကြောင်းပြခဲ့ပါတယ်။

ယူကရိန်းကို ဗြိတိန်က စစ်ရေးအရ ဆက်လက် ကူညီနေတာကြောင့် ရုရှား ဒေါသထွက်နေပြီး ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့ဝင်တွေ ချထားမယ်ဆိုတဲ့ ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာရဲ့ ပြောဆိုမှုတွေကိုလည်း ပြင်းပြင်းထန်ထန် တုံ့ပြန်ထားပါတယ်။

ဗြိတိန်က ယူကရိန်းသို့ မြေပြင်တပ်ဖွဲ့ဝင်တွေ ချထားရင် ရုရှားနဲ့ တိုက်ရိုက် စစ်ခင်းတဲ့ သဘောပဲ လို့ ကရင်မလင် နန်းတော်က သတိပေးထားပါတယ်။

Ref:The Telegraph

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.