မနီလာ၊ မတ် ၁၁
ဖိလစ်ပိုင် သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးကို လူသေဆုံးမှု များပြားခဲ့တဲ့ မူးယစ်ဆေးဝါး နှိမ်နှင်းမှုတွေနဲ့ပတ်သက်လို့ နိုင်ငံတကာ ရာဇဝတ်မှု တရားရုံး ICC က ထုတ်ထားတဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုဆိုင်ရာ ဖမ်းဝရမ်းအရ ဖမ်းဆီးခံလိုက်ရပါတယ်။
အသက် ၇၉ နှစ်အရွယ် သမ္မတဟောင်း ဒူတာတေးရဲ့ မူးယစ်ဆေးဝါးနှိမ်နှင်းမှုအတွင်း ဆင်းရဲသား အများစုပါဝင်တဲ့ လူထောင်ပေါင်းများစွာဟာ မူးယစ်ဆေး ရောင်းဝယ်မှုနဲ့ဆက်စပ်ကြောင်း အထောက်အထား မရှိဘဲ ရဲတပ်ဖွဲ့ဝင်တွေရဲ့ သတ်ဖြတ်တာ ခံခဲ့ရတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက စွပ်စွဲခဲ့ပါတယ်။

လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ လူသတ်မှု စွဲချက်နဲ့ ဒူတာတေးကို ICC က ဖမ်းဝရမ်း ထုတ်ခဲ့တာ ဖြစ်ပါတယ်။
ဒူတာတေးကို ဟောင်ကောင်သို့ ခေတ္တသွားရောက်ပြီး ပြန်လာချိန် မနီလာမြို့ရှိ နိုင်ငံတကာ လေဆိပ်မှာ ဖိလစ်ပိုင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
ဒူတာတေးကို ICC ရဲ့ တရားဝင် ဖမ်းဝရမ်း မိတ္တူနဲ့ မနီလာ အင်တာပိုရဲ တပ်ဖွဲ့က ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ သမ္မတရုံးက ပြောပါတယ်။
သမ္မတဟောင်းနဲ့ သူ့ရဲ့ အဖွဲ့ကို ဖမ်းဆီးပြီးနောက် ကျန်းမာရေး စစ်ဆေးမှုတွေ လုပ်ပြီး ကျန်းမာရေး ကောင်းမွန်ကြောင်း တွေ့ရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
သူ့အနေနဲ့ ဖမ်းဆီးခံရမယ့် ကံကြမ္မာ ပါလာရင် ဖမ်းဆီးခံဖို့ အသင့်ပဲလို့ ဟောင်ကောင်ရှိ ဖိလစ်ပိုင် အလုပ်သမားတွေကို ဒူတာတေးက ပြောကြားခဲ့တာပါ။

ဒူတာတေး လက်ထက်က ဖိလစ်ပိုင်ကို ICC ကနေ နုတ်ထွက်စေခဲ့ပြီးဖြစ်ပေမယ့် ICC က ဖိလစ်ပိုင်အပေါ် တရားစီရင်ခွင့် ရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။
ဖိလစ်ပိုင်ရဲ့ နိုင်ငံရေး လူ့မလိုင် မိသားစုနှစ်ခု ဖြစ်တဲ့ လက်ရှိသမ္မတ မားကို့စ်နဲ့ ဒူတာတေး မိသားစုတို့ကြား ထိပ်တိုက်တွေ့မှုတွေ ပိုများလာချိန်မှာ ဒူတာတေး ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။
သူ့ရဲ့ သမီး လက်ရှိဒုသမ္မတ ဆာရာ ဒူတာတေးလည်း အကျင့်ပျက်ခြစားမှု၊ သမ္မတ မားကို့စ်နဲ့ အပေါင်းအပါတွေကို သတ်ဖြတ်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေအတွက် စွဲချက်တွေနဲ့ ရင်ဆိုင်နေရပါတယ်။
ဒူတာတေးကို ဖမ်းဆီးမှုဟာ နိုင်ငံရေးအရ လက်ဦးမှု ရယူတာ ဖြစ်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။
Ref:Agencies