တနင်္သာရီ၊ မတ် ၁၂
တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်မှာ စစ်မှုထမ်းသင်တန်းဆင်း တပ်သားနှစ်ဦး အလင်းဝင်ခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က မတ် ၁၁ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ပုလောမြို့အခြေအစိုက် အမှတ်၂၈၅ ခြေလျင်တပ်ရင်းမှာ တာဝန်ထမ်းဆောင်နေရတဲ့ စစ်မှုထမ်းအပတ်စဉ် ၁ သင်တန်းဆင်း တပ်သားမောင်မျိုးနဲ့ တပ်သားဂျာဂျာတို့ နှစ်ဦးဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ပကဖအဖွဲ့ဝင်တွေနဲ့ချိတ်ဆက်ပြီး အလင်းဝင်လာတာပါ။
သူတို့နှစ်ဦးဟာ တနင်္သာရီမြို့နယ် သိန်းခွန်ကျေးရွာ တိုက်ပွဲအတွင်း ထွက်ပြေးလာပြီးနောက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ထံ အလင်းဝင်ရောက်လာတာ ဖြစ်တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အလင်းဝင်လာတဲ့ ပြည်သူစစ်မှုထမ်း တပ်သားနှစ်ဦးဟာ စစ်ကောင်စီတပ်သားတွေက ပေါ်တာဆွဲဖမ်းဆီးတာ၊ နေအိမ်ကနေ စစ်မှုထမ်းခေါ်ဆောင်ခံရတာတွေကြောင့် တပ်ထဲရောက်လာသူတွေ ဖြစ်ပါတယ်။
အလင်းဝင်လာသူ နှစ်ဦးကို နေ့ထိုင်စားသောက်ရေး စီစဉ်ပေးထားပြီး တစ်ဦးကတော့ စစ်ကောင်စီ တိုက်ခိုက်ရေးလုပ်ငန်းတွေမှာ ပါဝင်သွားဖို့ သဘောတူထားတယ်လို့ ဆိုပါတယ်။
စစ်တပ်အာဏာသိမ်းကာလအတွင်း တနင်္သာရီမြို့နယ် ပကဖထံ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ်ဦးအထိ ရှိလာတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Tanintharyi PDF