နေပြည်တော် ၊ မတ် ၁၂
စစ်ခေါင်းဆောင်ရဲ့ နိုင်ငံခြားခရီးစဉ်အပြီး တရုတ်အထူးကိုယ်စားလှယ်က နှစ်နိုင်ငံပူးပေါင်းဆောင် ရွက်မှုတွေကို အရှိန်အဟုန်မြှင့်တင်ဖို့ နေပြည်တော်ကို လာရောက်ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းက မတ် ၁၀ ရက်နေ့မှာ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့တွေ့ဆုံပြီး နှစ်နိုင်ငံအကြား အပြန်အ လှန်အကျိုးဖြစ်စေမယ့် ဆောင်ရွက်မှုတွေ ဆွေးနွေးခဲ့ကြတာပါ။
မြန်မာနိုင်ငံအတွင်း ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးနဲ့ ပြည်သူတွေရဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းအားထုတ်မှုတွေမှာ တရုတ်နိုင်ငံက အပြုသဘော ဆက်လက်ကူညီပေးသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မြန်မာ့အရေးလေ့လာသုံးသပ်သူ ဦးကြီးမြင့်က စစ်ကောင်စီဟာ ရုရှားနဲ့ သဘောတူညီချက်တွေ ရ ထားတာမို့ တရုတ်အစိုးရက သံတမန်နည်းအရ အကဲခတ်ပြီး မြန်မာ့အရေး ပစ်ပယ်မထားကြောင်း လာပြောတာလို့ သုံးသပ်ပါတယ်။
“ရုရှားနဲ့ တွေ့လာတယ်ဆိုပြီးတော့ မြောက်ကြွ မြောက်ကြွဖြစ်နေလား ဘာတွေတစွန်းတစရမလားဆိုပြီးတော့ နိုင်ငံခြားသံတမန်တွေဆိုတာ ဒီလိုပဲ အကဲခတ်ကြတာပဲလေ။ အဲဒီတော့ တစ်ဘက်ကလည်း မယုတ်မလွန်ပေါ့။ တရုတ်ပြည်ကတော့ အရင်အတိုင်းပဲ သဘောထားရှိတယ်။ နယ်စပ်တွေ တည်ငြိမ်ရေးကို လိုလားတယ်။ သူတို့လည်း EAO တွေနဲ့ ပတ်သက်ပြီး ဘယ်လိုဆောင်ရွက်နေတယ်။ ဒါတွေပဲ သူတို့က (တရုတ်အစိုးရ) မြန်မာပြည်အရေးကို ပစ်မထားဘူးပေါ့။ သူတို့လည်း လုပ်နေပါတယ်ဆိုတာ ဒီလိုပြောလိမ့်မယ်လို့ ယူဆပါတယ်” လို့ ဆိုပါတယ်။
ရုရှားနိုင်ငံနဲ့ ဘယ်လာရုစ်နိုင်ငံက နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီး ဖိတ်ခေါ်ချက်အရ စစ်ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အဖွဲ့ဝင်တွေဟာ မတ် ၃ ရက်နေ့ကနေ ၉ ရက်နေ့အထိ တစ်ပတ်အကြာ သွားရောက်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီခရီးစဉ်မှာ နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေး၊ နည်းပညာ၊ လျှပ်စစ်စွမ်းအင် စတဲ့ကဏ္ဍအစုံမှာ နှစ်နိုင်ငံအစိုးရတွေနဲ့ သဘောတူလက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ကျင်းပမယ့် ရွေးကောက်ပွဲကိုလည်း ထောက်ခံပေးခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားတာပါ။
စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးနဲ့ တရုတ်အထူးကိုယ်စားလှယ်တို့ တွေ့ဆုံမှုမှာတော့ မြန်မာ-တရုတ် နယ်စပ်တစ်လျှောက် တည်ငြိမ်ရေးကို ပိုမိုမြှင့်တင်ဖို့အပါအဝင် ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်အပေါ် ဆွေးနွေးခဲ့ကြပါတယ်။
ဦးကြီးမြင့်ကတော့ တရုတ်အစိုးရအနေနဲ့ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကို ထောက်ခံပေးနေတာမို့ ဖြစ်မြောက်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ကို ဖိအားပေးလာနိုင်တယ်လို့ သုံးသပ်ပါတယ်။
“အဲဒါတော့ သူတို့ မပြတ်လုပ်နေမှာပဲ။ ဘာလို့ဆို သူတို့က ရွေးကောက်ပွဲဖြစ်အောင် လိုလားတယ်လေ။ အဲဒီအခါကျတော့ သူတို့က တိုင်းရင်းသားတွေ သိမ်းထားတဲ့နယ်မြေတွေမှာ မင်းတို့ ဖြစ်နိုင်ရင် ရွေးကောက်ပွဲ ခွင့်ပြုလိုက်ပါလို့ အဲဒီလိုပြောလိမ့်မယ်ထင်တယ်။ ဖိအားပေးနေမယ်ထင်တယ်။ ရွေးကောက်ပွဲလုပ်နိုင်ဖို့။ ဒါကြောင့်မို့ အဲဒီမှာ ရွေးကောက်ပွဲလုပ်မယ်ဆိုရင် ဘယ်ပါတီတွေက နိုင်မှာ အခြေအနေတွေက အဲဒီလိုတော့မပေးပါဘူး။ ဒါပေမယ့် သူတို့ (တရုတ်) အဲဒီဟာတော့ ဖိအားပေးမှာပဲ။ အနိမ့်ဆုံးကတော့ ရွေးကောက်ပွဲလုပ်လာရင် အနှောင့်အယှက်မပေးဖို့ပေါ့။ အဲဒါတော့ အသေချာပြောမှာပဲ” လို့ ဆိုပါတယ်။
အထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ဒီဇင်ဘာ ဒါမှမဟုတ် ၂၀၂၆ ဇန်နဝါရီအစောပိုင်းမှာ ကျင်းပဖို့ စီစဉ်ထားတယ်လို့ စစ်ခေါင်းဆောင်က ဘယ်လာရုစ်နိုင်ငံမှာ ပြုလုပ်တဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြောထားတာပါ။
မြန်မာ့အရေးမှာ ဝင်ရောက်ညှိနှိုင်းပေးနေတဲ့ တရုတ်အစိုးရကလည်း ရွေးကောက်ပွဲကျင်းပနိုင်ရေး မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ကောင်စီတို့ကြား အပစ်ခတ်ရပ်စဲဖို့ တောက် လျှောက် ကြိုးပမ်းနေပါတယ်။
ဒီအတွက်ကြောင့် စစ်ကောင်စီနဲ့ ကိုးကန့်တပ် MNDAA တို့ကြား အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ်ရေးထိုးနိုင်ခဲ့ပေမယ့် တအာင်းတပ် TNLA နဲ့တော့ သဘောတူညီချက်မရဘဲ ဆွေးနွေးပွဲအဆုံးသတ်ခဲ့ရပါတယ်။
တစ်ဘက်မှာ ရခိုင်ဒေသတစ်ခုလုံး သိမ်းပိုက်ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေတဲ့ အာရက္ခတပ်တော် AA ကလည်း နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းဖို့ အမြဲတမ်းသင့်ရှိတယ်လို့ ကြေညာထားပြီး လောဆယ်အထိ နှစ်ဘက် တွေ့ဆုံဆွေးနွေးမှု မရှိသေးပါဘူး။
လက်ရှိ တရုတ်အထူးကိုယ်စားလှယ်နဲ့ စစ်ကောင်စီတို့ တွေဆုံမှုမှာလည်း ဒေသတွင်းနဲ့ နိုင်ငံတကာမျက်နှာစာတွေမှာ နှစ်နိုင်ငံအပြန်အလှန် ထောက်ခံရပ်တည်သွားရေးနဲ့ အကျိုးတူကိစ္စရပ်တွေအ ပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြတာပါ။
နယ်စပ်ဒေသမှာ တိုးမြင့်လာနေတဲ့ အွန်လိုင်းလောင်းကစားနဲ့ လိမ်လည်မှုကွန်ရက်တွေကိုလည်း တိုက်ဖျက်ဖို့ နှစ်နိုင်ငံ သက်ဆိုင်ရာအဖွဲ့အစည်းတွေကြား ပူးပေါင်းမြှင့်တင်ရေးကိစ္စရပ်တွေ ဆွေး နွေးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာမှာတော့ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းရဲ့ မတ် ၁၀ ရက်နေ့ နေပြည်တော်ခရီးစဉ်နဲ့ပတ်သက်ပြီး လော လောဆယ်မှာ ဖော်ပြထားတာ မတွေ့ရပါဘူး။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI