ကိုပင်ဟေဂင်၊ မတ် ၇

ဒိန်းမတ်နိုင်ငံရဲ့ အစိုးရပိုင် စာပို့လုပ်ငန်းဌာန PostNord က ၂၀၂၅ ခုနှစ်ကုန်ရင် စာပို့လုပ်ငန်း ဝန်ဆောင်မှု ရပ်ဆိုင်းတော့မယ်လို့ ကြေညာပါတယ်။

အခု ရာစုနှစ် စတင်ပြီး နောက်ပိုင်း စာပေးပို့မှု ပမာဏ ၉၀ ရာခိုင်နှုန်း လျော့ကျသွားတာကြောင့် အခုလို ဆုံးဖြတ်ရတာ ဖြစ်တယ်လို့ PostNord က ပြောပါတယ်။

ဒီဆုံးဖြတ်ချက်ကြောင့် အဲဒီ ဌာနရဲ့ အနှစ် ၄၀၀ သက်တမ်းရှိတဲ့ စာပို့လုပ်ငန်း ဝန်ဆောင်မှု အဆုံးသတ်တော့မှာ ဖြစ်ပါတယ်။

ဒိန်းမတ်နိုင်ငံ တဝန်းရှိ စာတိုက်ပုံး ၁၅၀၀ ဟာ လာမယ့် ဇွန်လက စတင်ပြီး ပျောက်ကွယ်သွားတော့မှာ ဖြစ်ပါတယ်။

ပို့ဆောင်ရေးဝန်ကြီး သောမတ်စ် ဒန်နီရယ်ဆင်က စာတွေနဲ့ ပါဆယ်ထုပ်တွေ ပေးပို့ရေးအတွက် လွတ်လပ်တဲ့ ဈေးကွက် ရှိပြီးသား ဖြစ်တာကြောင့် အများပြည်သူ မစိုးရိမ်ကြဖို့ ပြောကြားထားပါတယ်။ ဥရောပတဝန်းမှာရှိတဲ့ စာတိုက် ဝန်ဆောင်မှုတွေဟာ စာပေးပို့မှု လျော့ကျတာကြောင့် အခက်ကြုံနေကြရပါတယ်။

ဂျာမနီစာတိုက်လုပ်ငန်း Deutsche Post ကလည်း အလုပ်သမား ၈၀၀၀ ကျော် အထိ လျှော့ချခဲ့ပါတယ်။

ဒိန်းမတ်ဟာ တစ်ကမ္ဘာလုံးသို့ စာပေးပို့တဲ့ ဝန်ဆောင်မှု ပေးနေတာဟာ ၂၀၂၃ နှစ်ကုန်မှာ နှစ်ပေါင်း ၄၀၀ ပြည့်မြောက်ခဲ့ပါတယ်။

ဒါပေမဲ့ ဒီဂျစ်တယ် စာပေးပို့ရေး ဝန်ဆောင်မှုတွေ တွင်ကျယ်လာချိန်မှာ ရိုးရိုးစာ ပေးပို့မှု အရေအတွက်က သိသိသာသာ လျော့ကျသွားခဲ့တာပါ။

PostNord ကတော့ သူတို့အနေနဲ့ ပါဆယ် ပေးပို့တဲ့ လုပ်ငန်းကို ပြောင်းလဲ လုပ်ကိုင်ဖို့ စဉ်းစားထားပြီး ၂၀၂၄ ခုနစ်နဲ့ အရင်က ဝယ်ယူထားတဲ့ တံဆိပ်တုံးတွေကို ၂၀၂၆ ခုနှစ်အတွင်း သတ်မှတ်ချိန်မှာ ငွေပြန်အမ်းပေးသွားမယ်လို့ ကြေညာထားပါတယ်။

လုပ်သားအင်အား ၄၆၀၀ ရှိတဲ့အထဲက အလုပ်သမား ၁၅၀၀ အလုပ်ဆုံးရှုံးရမှာ ဖြစ်ပါတယ်။ဒိန်းမတ်ဟာ ကမ္ဘာမှာ ဒီဂျစ်တယ်စနစ် သုံးစွဲမှု အများဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံလည်း ဖြစ်ပါတယ်။

သူတို့နိုင်ငံမှာ လူတွေ အသုံးပြုနေတဲ့ အရာအားလုံးနီးပါးအတွက် အက်ပလီကေးရှင်းတွေ ရှိပြီးသား ဖြစ်ပါတယ်။

အစိုးရဌာနတွေကလည်း စာရွက်စာတမ်းတွေကို အွန်လိုင်းက ပို့နေကြတာကြောင့် မိမိတို့လုပ်ငန်း လုံးဝ အမြတ် မထွက်နိုင်တော့ဘူးလို့ PostNord Denmark က ပြောပါတယ်။

PostNord ဟာ ဆွီဒင်မှာလည်း လုပ်ကိုင်နေပြီး ကုမ္ပဏီက ၄၀ ရာခိုင်နှုန်း ဆွီဒင်အစိုးရက ၆၀ ရာခိုင်နှုန်း ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.