မော်လမြိုင် ၊ မတ် ၈
စစ်အာဏာရှင်စနစ်ကို တော်လှန်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေကို စစ်ကောင်စီက တရားသောစစ် ဆင်နွှဲနေတယ်လို့ နိုင်ငံပိုင်ရုပ်သံမှာ ကြွေးကြော်နေပေမယ့် မြေပြင်မှာ ဆန့်ကျင်ဘက်ဖြစ်နေတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ တော်လှန်ရေးအဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ပန်ဆင်ပြီး နိုင်ငံ့ရဲ့အချုပ်အခြာအာဏာကို အစဉ်ကာကွယ်စောင့် ရှောက်နေတဲ့ တပ်မတော်သားတွေ တရားသောစစ်အောင်ရမယ်လို့ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီက အမြဲတစေ ဝါဒဖြန့်လေ့ရှိပါတယ်။
လက်တွေ့မှာတော့ အာဏာသိမ်းကာလမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အပြစ်မဲ့အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထား သတ်ဖြတ်ညှင်းပန်းနှိပ်စက်မှုတွေဟာ စစ်ရာဇဝတ်မှုကျူးလွန်တဲ့ အ နေအထားဖြစ်နေတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ထောက်ပြကြပါတယ်။
မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း ပရိုဂရမ် ဒါရိုက်တာ နိုင်အိုင်းမွန်က တော်လှန်ရေးအဖွဲ့တွေကို စစ်ကောင်စီက စစ်ကိုစစ်နဲ့တူအောင် တိုက်နေတာမဟုတ်ဘဲ အရပ်သားတွေကို ဦးတည်နေတာလို့ ပြောပါတယ်။
“စစ်အုပ်စုတွေက တော်လှန်ရေးတပ်ဖွဲ့တွေကို စစ်ကိုစစ်နဲ့တူအောင် မတိုက်နေတာတော့ ကြာပြီ။ ကျွန်တော်တို့ အရပ်သားတွေကို ပစ်မှတ်ထားဦးတည်နေတဲ့ကိစ္စဟာ တစ်စစနဲ့ ဒီအပေါ်မှာ War Crime လို့ ခေါ်တဲ့ စစ်ရာဇဝတ်မှုကို ဦးတည်နေတာဖြစ်တဲ့အတွက် တချို့သော လူ့အခွင့်အရေးကာကွယ်မြှင့်တင်တဲ့ အဖွဲ့တွေကိုယ်တိုင် နိုင်ငံတကာတရားရုံးတွေမှာ တရားစွဲဆိုတာတွေ ရှိပါတယ်” လို့ ဆိုပါတယ်။
ရာမညအင်စတီကျုသုတေသနဌာန RICE က မြန်မာနိုင်ငံမှာ စစ်ရေးပဋိပက္ခပြင်းထန်လာမှုနဲ့အတူ နိုင်ငံအနှံ့အပြားက လက်နက်ကိုင်တိုက်ပွဲတွေ ကျယ်ပြန့်လာပြီး အရပ်သားတွေရဲ့ လူ့အခွင့်အရေးချိုး ဖောက်ခံရမှုကလည်း ပိုမိုဆိုးရွားလာတယ်လို့ ပြောပါတယ်။
အချက်အလက်တွေအရ ပြီးခဲ့တဲ့ ဖေဖော်ဝါရီအတွင်း တောင်ပိုင်းဒေသဖြစ်တဲ့ ကရင်နီ၊ ကရင်၊ မွန်နဲ့ တနင်္သာရီတို့မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုအပါအဝင် ဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်မှု ကြိမ်ရေ ၁၄၀ ကျော်အထိ ရှိခဲ့ပါတယ်။
ဒီအတွက်ကြောင့် နှစ်ဘက်တိုက်ပွဲတွေအပါအဝင် စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှု ဒရုန်းဗုံးကြဲမှုနဲ့ မြေမြှုပ်မိုင်းဒဏ်ကြောင့် အရပ်သား ၁၅၀ ကျော် ထိခိုက်ဒဏ်ရာရပြီး ၄၇ ဦး သေဆုံးခဲ့တယ်လို့ မတ် ၆ ရက်နေ့မှာ ထုတ်ပြန်တဲ့ RICE အဖွဲ့ရဲ့ လစဉ်ဒေတာအစီရင်ခံစာမှာ ဖော်ပြပါတယ်။
ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ဦးဗညားက တိုင်းရင်းသားတွေထက် ဗမာလူထုတွေကို စစ်တပ်က လူ့အခွင့်အရေးချိုးဖောက်မှုတွေ သတ်ဖြတ်မှုတွေ ဆိုးဝါးစွာ ကျူးလွန်နေတဲ့အတွက် တရားသောစစ် ဟုတ်မနေဘူးလို့ ပြောပါတယ်။
“ဗမာလူထုတွေကို စစ်တပ်ကိုယ်၌က ကျွန်တော်တို့ တိုင်းရင်းသားတွေထက်တောင်မှ တချို့နေရာတွေဆို တိုင်းရင်းသားဒေသထက်တောင် ဗမာတိုင်းရင်းသားတွေအပေါ် စစ်တပ်က အာဏာရှင် စစ်တပ်က ကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှု သတ်ဖြတ်မှုတွေကြည့်ရင် ပိုပြီးတော့တောင် ဆိုးဝါးတဲ့ ချိုးဖောက်မှုတွေ အညာဒေသမှာ ပိုဖြစ်တာတွေ့ရတာပေါ့။ အဲဒါကြောင့်မို့ သူပြောတဲ့ တရားသောစစ်ဆိုတာ ဟုတ်စရာအကြောင်းမရှိတော့သလို မှန်စရာအကြောင်းမရှိလို့ ဒီအပေါ်မှာ ဘယ်သူကမှ လိုက်ပြီးတော့ နင်းမှာမဟုတ်တော့ဘူးဆိုတာ ကျွန်တော်တို့ ပြောရဲတာပေါ့” လို့ ဆိုပါတယ်။
မဲမသမာမှုအကြောင်းပြချက်နဲ့ နိုင်ငံ့အာဏာကို စစ်တပ်က အတင်းအဓမ္မသိမ်းယူမှုကြောင့် ငြိမ်း ချမ်းစွာ ဆန္ဒထုတ်ဖော်မှုကနေ လက်နက်စွဲကိုင် အာဏာရှင်စနစ်ဖြုတ်ချတဲ့ စနစ်ပြောင်းတော်လှန် ရေးအထိ ရောက်ရှိလာတာပါ။
တိုင်းရင်းသားလက်နက်ကိုင်အများစုကလည်း ပါဝင်လာကြပြီး စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေးကနေ ဖက်ဒရယ်ဒီမိုကရေစီစနစ်ထူထောင်ရေးအတွက် စစ်ကောင်စီကို နည်းပေါင်းစုံတော်လှန်နေကြတာ ဖြစ်ပါတယ်။
ဒီအတွက်ကြောင့် အာဏာသိမ်းမှုလေးနှစ်အတွင်း စစ်ကောင်စီဟာ တိုင်းစစ်ဌာနချုပ် ၂ ခုအပါအ ဝင် တပ်ရင်းတွေ တပ်စခန်းတွေရာနဲ့ချီ လက်လွှတ်ခဲ့ရပြီး မြို့ပေါင်း ၉၅ မြို့ကိုလည်း ဆုံးရှုံးခဲ့ရပါတယ်။
ဒါကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်နက်ကိုင်အဖွဲ့တွေရဲ့ နယ်မြေချဲ့ထွင်ရေး တိုက်ပွဲဖော်ဆောင်လာမှုတွေကို စစ်တပ်အနေနဲ့ တရားသောစစ်ကို ဆက်လက်ဆင်နွှဲသွားမယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီမှာ ကြွေးကြော်ထားတာပါ။
သထုံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တာဝန်ခံ ကိုအေးမင်းထွန်းက စစ်ကောင်စီအနေနဲ့ ဘယ်တုန်းကမှ စစ်ကို စစ်နဲ့တူအောင် တိုက်နေတာမဟုတ်တဲ့အတွက် စစ်ခေါင်းဆောင် ရူးနေပြီလို့ ပြောပါတယ်။
“စစ်ကောင်စီအနေနဲ့အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာ အခုမှမဟုတ်ပါဘူး၊ ဟိုးအ ရင့်အရင်ထဲကပဲလေနော်။ ဘယ်တုန်းကမှလည်း သူတို့က စစ်ကိုစစ်နဲ့တူအောင် တိုက်နေတာမ ဟုတ်ပါဘူး။ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ကနေ တရားသောစစ်ကို ဆင်နွဲနေတယ်လို့သာ သူ့ပါးစပ်က ပြောနေတာပါ။ အဲဒီပြောထွက်တဲ့ဟာတွေ (စကားတွေ) အားလုံးကလည်း (သူဟာ)သွက်သွက်ခါအောင် ရူးနေပြီလို့ပဲ ကျွန်တော်မြင်မိပါတယ်” လို့ ဆိုပါတယ်။
RICE ရဲ့ အချက်အလက်တွေအရ ဖေဖော်ဝါရီအတွင်း မွန်ပြည်နယ်အပါအဝင် ကရင်နီ၊ ကရင်နဲ့ တ နင်္သာရီတို့မှာ ဘာသာရေးအဆောက်အအုံအပါအဝင် အရပ်သားနေအိမ် ထိခိုက်ဖျက်ဆီးခံရမှုနဲ့ မီး လောင်မှုတွေဟာ ၁၉၆ လုံးရှိခဲ့တာပါ။
အရပ်သားဖမ်းဆီးခံရမှုကလည်း မွန်မှာ ၆၄ ဦးနဲ့ တနင်္သာရီမှာတော့ ၃၃၆ ဦးအထိ ရှိခဲ့ပြီး ဖမ်းဆီးခံရသူအများစုဟာ တော်လှန်ရေးအင်အားစုတွေနဲ့ ဆက်နွယ်နေတယ်လို့ စွပ်စွဲခံရသူတွေအပါအဝင် စစ်မှုထမ်းဥပဒေကြောင့် အစုလိုက်အပြုံလိုက် အတင်းအဓမ္မ ဖမ်းဆီးခံရသူတွေလည်း ပါဝင်နေပါတယ်။
တပ်သားစုဆောင်းရေးမှာ အမျိုးသားတွေကို ပေါ်တာဆွဲဖမ်းဆီးပြီး စစ်မှုထမ်းထဲအတင်းသွတ်သွင်း နေမှုနဲ့ ဘာသာရေးအဆောက်အအုံတွေကို ပစ်မှတ်ထားနေတာကလည်း စစ်ရာဇဝတ်မှု ချိုးဖောက်နေတာလို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ဆိုပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU ပြောခွင့်ရ ပဒိုစောတောနီးက အရပ်သားနဲ့ ဘုရားကျောင်း၊ ဘုန်းကြီးကျောင်းမရှောင် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုတွေဟာ စစ်ရာဇဝဝတ်မှုနွံထဲ ရုန်းမထွက်နိုင်တဲ့အနေအထားလို့ ပြောပါတယ်။
“အဲဒါတော့ တရားသောစစ် မတရားသောစစ်ဆိုတာ လူထုကောင်းကောင်းသိတဲ့အပေါ်မှာ ကျွန် တော်တို့ ဝင်ပြောစရာမရှိဘူး။ အဲဒီလိုလုပ်ခြင်းအားဖြင့်လည်း သူတို့စစ်ရှုံးတဲ့ဟာကို ပြန်ပြီးတော့ ကာမိမှာလည်း မဟုတ်ဘူး။ အဲဒါလုပ်ခြင်းအားဖြင့် တဖြည်းဖြည်းနဲ့ စစ်ရာဇဝတ်မှုနွံထဲမှာပဲ ကျွံပြီးနစ်ရင်း ကျွံရင်းနဲ့ပဲပြန်ပြီး လုံးဝရုန်းမထွက်နိုင်တဲ့ အနေအထားတစ်ခုပဲ ဖြစ်မှာပါ” လို့ ဆိုပါတယ်။
အခုလဆန်းပိုင်းအတွင်း KNU ရဲ့ အုပ်ချုပ်ရေးနယ်မြေတချို့မှာ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောင်းထိုင်ဆရာတော်တစ်ပါး ပျံလွန်တော်မူခဲ့ပြီး ကိုရင်နှစ်ပါးနဲ့ အရပ်သားပြည်သူ လေးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဉာဏ်လင်းသစ်သုတေသနအဖွဲ့ရဲ့ အစီရင်ခံစာအရ ၂၀၂၁ ဖေဖော်ဝါရီကနေ ၂၀၂၄ ဒီဇင်ဘာအထိ နိုင်ငံတဝန်း စစ်အုပ်စုက လူ ၅ ဦးနဲ့အထက် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကြောင့် အရပ် သားပြည်သူ ၃၄၉၀ နီးပါး သေဆုံးခဲ့ရပါတယ်။
အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေထဲမှာ လေကြောင်းတိုက်ခိုက်တာ၊ ဒရုန်းဗုံးကြဲချတာ၊ လက် နက်ကြီးပစ်ခတ်တာ၊ စစ်ကြောင်းထိုးဝင်ရောက်စဉ် ပစ်ခတ်သတ်ဖြတ်တာနဲ့ နှစ်ဘက်တိုက်ပွဲအ တွင်း သေဆုံးတာတို့ ပါဝင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI/CJ