ဘားအံ၊ မတ် ၃
ကရင်ပြည်နယ် ဘားအံမြို့နယ် မဲသနကျေးရွာနဲ့ ထီးကျော်ခီးကျေးရွာတို့ကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က လေယာဉ်နဲ့လာရောက် ဗုံးကြဲသွားတယ်လို့ KNU သထုံခရိုင်က မတ် ၃ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ မတ် ၁ ရက်နေ့ မနက် ၆ နာရီအချိန်ခန့်မှာ စစ်ကောင်စီတပ်က အဲဒီကျေးရွာ နှစ်ကို ဂျက်ဖိုက်တာ လေယာဉ် တစ်စီးနဲ့ ဗုံး လေးလုံး ထက်မနည်းကြဲချခဲ့တာပါ။

“တိုက်ပွဲဖြစ်တာတော့မရှိဘူး။ လေကြောင်းကနေ အကြောင်းမဲ့လာပစ်သွားတာပါ။ ရွာခံတွေကတော့ ထွက်ပြေးတိမ်းရှောင်နေရတာရှိတယ်”လို့ KNU သထုံခရိုင်အတွင်းရေးမှူး စောအေးနိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

လေကြောင်းကနေ ဗုံးကြဲခံရလို့ ထီးကျော်ခီးကျေးရွာက နေအိမ်တစ်လုံး၊ မဲနသတောင်ခြေက ဘုန်းကြီးကျောင်းရှိ ဘာသာရေးအဆောက်အဦးတချို့ပျက်စီးခဲ့ပါတယ်။

ဗုံးကြဲမှုကြောင့် ကျောင်းသား ကျောင်းသူတွေ ကျောင်းမတက်ရဲတော့သလို ဒေသခံပြည်သူတွေလည်း ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက ကြဲချတိုက်ခိုက်ခဲ့တဲ့ ဗုံးတွေဟာ ၁၂၀ မမ ဗုံးသီးတွေနဲ့ လက်လုပ် ကော်ဗုံးသီးတွေဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းရုံး KNU သထုံခရိုင်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်နေ့ကလည်း ဘားအံမြို့နယ် တဂေးလောင်ကျေးရွာ လေကြောင်းကနေ ဗုံးကြဲခံရလို့ ဘုန်းကြီးကျောင်းက သိမ်
အပါအဝင် အဆောက်အဦး ၁၁ လုံးပျက်စီးခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU