မော်စကို၊ မတ် ၁
ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ကို လာမယ့် မတ် ၄ ရက် မော်စကိုမြို့မှာ လက်ခံ တွေ့ဆုံပြီး ပူးတွဲကြေညာချက် တစ်ခု ထုတ်ပြန်သွားဖို့ ရှိတယ်လို့ ကရင်မလင်နန်းတော် ပြန်ကြားရေးဌာနက ဖေဖော်ဝါရီ ၂၈ ရက်မှာ ပြောကြားလိုက်ပါတယ်။
စစ်ခေါင်းဆောင်ဟာ ရုရှားသို့ တရားဝင်ခရီးစဉ် အဖြစ် လာရောက်မှာ ဖြစ်ကြောင်း ရုရှားနိုင်ငံပိုင် Tass သတင်းဌာနက ဖော်ပြထားပါတယ်။

သူတို့နှစ်ဦး တွေ့ဆုံချိန်မှာ နိုင်ငံတကာကိစ္စတွေအပြင် နှစ်နိုင်ငံအကျိုးရှိစေတဲ့ ရုရှား-မြန်မာ ပူးပေါင်းဆောင်ရွက်မှု ထပ်ပြီး တိုးတက်အောင် လုပ်ဆောင်နိုင်မယ့် အလားအလာတွေကို ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ ကရင်မလင်နန်းတော်က ပြောပါတယ်။
သူတို့ နှစ်ယောက်အနေနဲ့ ပူးတွဲကြေညာချက် တစ်ခု လက်မှတ်ရေးထိုး ထုတ်ပြန်မှာ ဖြစ်သလို နှစ်နိုင်ငံချင်းနဲ့ ဌာနအချင်းချင်း သဘောတူညီမှုတွေလည်း လက်မှတ်ရေးထိုးသွားမှာ ဖြစ်ကြောင်း ရုရှား မီဒီယာက ဖော်ပြထားပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီဟာ ကနဦးမှာ တရုတ်နဲ့ ဆက်ဆံရေး အေးစက်ခဲ့ပြီး ရုရှားဘက်ကို ပိုပြီး ဦးလှည့်ခဲ့ပါတယ်။

နောက်ပိုင်းမှာ တရုတ်ရဲ့ ထောက်ပံ့ ကူညီမှု ပြန်ရလာပြီးနောက်ပိုင်း စစ်ကောင်စီ ခေါင်းဆောင်ရဲ့ ပထမဆုံး မော်စကိုခရီးစဉ် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ရုရှားက မြန်မာနိုင်ငံတောင်ပိုင်းမှာ ဆိပ်ကမ်းကြီး တစ်ခု တည်ဆောက်ဖို့ ပြင်ဆင်နေပြီး စစ်ကောင်စီနဲ့ သဘောတူညီမှု တချို့ ရယူထားပါတယ်။
စစ်ခေါင်းဆောင်နဲ့ သမ္မတ ပူတင်တို့ဟာ ၂၀၂၂ ခုနှစ် ဆောင်းဦးရာသီက ဗလာဒီဗော့စတော့မြို့မှာ ကျင်းပတဲ့ အရှေ့တိုင်း စီးပွားရေး ဖိုရမ်အတွင်း တစ်ကြိမ် တွေ့ဆုံခဲ့ပြီး ဖြစ်ပါတယ်။
ရုရှားမီဒီယာကတော့ စစ်ခေါင်းဆောင်ကို နိုင်ငံရေးသမားလို့ သုံးနှုန်း ဖော်ပြထားပြီး ၂၀၂၅ ခုနှစ် နှစ်သစ်ကူးမယ့်နေ့က သမ္မတ ပူတင်ဆီက ချီးကျူးဂုဏ်ပြု သတင်းစကား တစ်ခု လက်ခံရရှိခဲ့တယ်လို့ ဖော်ပြထား ပါတယ်။
Ref:TASS