နေပြည်တော် ၊ ဖေဖော်ဝါရီ ၂၅
ရင်းနှီးမြှုပ်နှံမှုတွေအတွက် နှစ်နိုင်ငံအစိုးရနဲ့ ပုဂ္ဂလိကကဏ္ဍတွေအကြား စာချုပ်စာတမ်း ၉ ခုကို စစ်ကောင်စီနဲ့ ရုရှားတို့ ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်းစာတွေမှာ ဖော်ပြပါတယ်။
စီးပွားရေးဆိုင်ရာ အခြေခံအဆောက်အအုံတွေအပါအဝင် ဘဏ်လုပ်ငန်း၊ ပညာရေး၊ ဆက်သွယ်ရေး၊ နည်းပညာနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာစာချုပ်စာတမ်း ၉ ခုကို သက်ဆိုင်ရာဝန် ကြီးဌာန၊ အဖွဲ့အစည်းက တာဝန်ရှိသူတွေ လက်မှတ်ရေးထိုးခဲ့ကြတာပါ။
အဲဒီထဲမှာ စီးပွားရေးနဲ့ပတ်သက်ပြီး ရေးထိုးခဲ့တဲ့ စာချုပ်စာတမ်းတွေထဲမှာ စစ်ကောင်စီဘက်က အ သေးစိတ်သတင်းထုတ်ပြန်ထားတာ မတွေ့ရပါဘူး။
ထားဝယ်အထူးစီးပွားရေးဇုန်မှာ ဆိပ်ကမ်းနဲ့ ရေနံချက်စက်ရုံတည်ဆောက်ခြင်းအပါအဝင် ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ သဘောတူလက်မှတ်ရေးထိုးခဲ့တယ်လို့ ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနက ပြောကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
ရုရှားဝန်ကြီးဌာနရဲ့ အဆိုအရ ထားဝယ်အထူးစီးပွားရေးဇုန်ဟာ ကပ္ပလီပင်လယ်ပြင်ရှိ ၁၉၆ စတု ရန်းကီလိုမီတာ ကျယ်ဝန်းတဲ့ စီမံကိန်းဖြစ်ပြီး နည်းပညာမြင့်စက်မှုဇုန်တွေနဲ့ သယ်ယူပို့ဆောင်ရေးအချက်အချာကျတဲ့ နေရာတွေ၊ သတင်းအချက်အလက်နည်းပညာဇုန်တွေနဲ့ ပို့ကုန်လုပ်ငန်းတွေ ဆောင်ရွက်တဲ့ဇုန်တွေ ထားရှိဖို့ စီစဉ်ထားတာပါ။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က စီမံကိန်းတွေ လက်တွေ့ အကောင်အထည်ဖော်နိုင်မှာမဟုတ်ဘဲ လုံခြုံရေးအတွက် နိုင်ငံခြားစစ်သားတွေကို အရပ်သားယူနီဖောင်းနဲ့ ဝင်ရောက်ဝင်ခွင့်ပြုနိုင်တယ်လို့ သုံးသပ်ပါတယ်။
“ဒီလုပ်ငန်း ၉ ခုကလည်း လက်တွေ့အားဖြင့် အကောင်အထည်ဖော်နိုင်စရာမရှိပါဘူး။ တစ်ခုပဲ ထား ဝယ်ရေနက်ဆိပ်ကမ်းထဲကို ဝင်ရောက်လာမယ်ဆိုလို့ရှိရင် သူလည်းတရုတ်လိုပဲ လုံခြုံရေးစာချုပ်တွေ ချုပ်ဦးမှာပေါ့ဗျာ။ ဆိုလိုတာက တရုတ်လိုပဲ လုံခြုံရေးဥပဒေအရ နိုင်ငံခြားစစ်သားတွေကို အ ရပ်သားယူနီဖောင်းနဲ့ ဝင်ရောက်ခွင့်ပြုတဲ့ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို ရောင်းစားဦးမှာပါပဲ။ဒါ သူ (စကစ) လုပ်မယ့် လမ်းကြောင်းနဲ့ အခြေအနေပါ” လို့ ဆိုပါတယ်။
စစ်ကောင်စီက ပြည်တွင်းပြည်ပ လုံခြုံရေးကုမ္ပဏီတွေကို လိုအပ်ချက်အရ လက်နက်ကိုင်ဆောင်နိုင်တဲ့ ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေကို ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ ပြဌာန်းထားတာပါ။
ပဉ္စမကြိမ် ရုရှား – မြန်မာ အစိုးရအချင်းချင်း ကုန်သွယ်ရေးနဲ့စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် အစည်းအဝေးကို ဖေဖော်ဝါရီ ၂၃ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့ပါတယ်။
ဆိပ်ကမ်းတစ်ခုအပါအဝင် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံနဲ့ ရေနံချက်စက်ရုံတည် ဆောက်ရေး စီမံကိန်းတွေအကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန် ကြီးဌာနက ပြောကြားထားတာပါ။
စစ်ကောင်စီကတော့ ရင်းနှီးမြှုပ်နှံမှုနဲ့နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဒေါက်တာကံဇော်နဲ့ ရု ရှားနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး မစ္စတာမက်ဆင်းရယ်ရှဲသငြိကော့ဗ်တို့ အဲဒီအစည်းအ ဝေးမှာ လက်မှတ်ရေးထိုးခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
ဒေါက်တာကံဇော်က မြန်မာ-ရုရှားကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုမိတ်ဖက်ဆက်ဆံရေးဟာ စစ်ကောင် စီတာဝန်ယူတဲ့အချိန်ကစပြီး အရှိန်အဟုန်နဲ့ တိုးတက်လာခဲ့တယ်လို့ ပြောပါတယ်။
အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သယ်ယူပို့ဆောင်ရေးကဏ္ဍ အဆင့်မြှင့်တင်ရေးနဲ့ ခေတ်မီစက်မှုလုပ်ငန်းတွေ လုပ်ဆောင်ရာမှာပူးပေါင်းဆောင်ရွက်ဖို့ ရုရှားရင်းနှီးမြှုပ်နှံသူတွေကို ဖိတ်ခေါ်ထားတာပါ။
ဦးသန်းစိုးနိုင်ကတော့ စစ်ရှုံးနေတဲ့ စစ်ကောင်စီအတွက် သူ့ရပ်တည်မှုကို အကာအကွယ်ပေးနိုင်တဲ့ ရုရှားလို နိုင်ငံကြီးတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးမယ့် သဘောလို့ သုံးသပ်ပါတယ်။
“သူ (စကစ) ကတော့ စစ်မြေပြင်မှာ အရှုံးကြီးရှုံးပြီးတော့ သူအကာအကွယ်မဲ့နေတဲ့အချိန်မှာ ရရာကောက်ရိုးကို ဖမ်းဆွဲနေတာပေါ့ဗျာ။ သူ့မှာ တရုတ်ဆိုတဲ့ ဝါးလုံးတန်းတစ်ခုကို ဖက်တွယ်ထားပြီး အခုက နောက်ထပ်ကောက်ရိုးတမျှင် ရုရှားကို ဆွဲယူလိုက်တာပါ။ အဲဒီတော့ သူ့ဟာသူ လုပ်ငန်းကဏ္ဍ ၉ ခုမှာ လက်မှတ်ထိုးရုံမကလို့ တစ်နိုင်ငံလုံး ထိုးအပ်မယ့် သဘောထားနဲ့ သူ့ရပ်တည်မှုကိုသာ ကာကွယ်ပေးမယ်ဆိုရင် ဒီလိုနိုင်ငံကြီးတွေရဲ့ လိုအပ်တာမှန်သမျှ ဖြည့်ဆည်းပေးဖို့ သဘော ထားနဲ့ ပြောဆိုနေတာပါ” လို့ ဆိုပါတယ်။
ရုရှား စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးက ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုသာမက အခြေခံအ ဆောက်အအုံ စီမံကိန်းတွေ၊ ဘဏ်လုပ်ငန်းပူးပေါင်းမှုတွေနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေကို တိုးချဲ့နေတယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးကလည်း နှစ်နိုင်ငံကုန်သွယ်မှုပမာဏ တိုးမြင့်ရေးအတွက် စွမ်းအင်၊ နျူကလီးယားနယ်ပယ်၊စိုက်ပျိုးရေးနဲ့ သတ္တုကဏ္ဍ ပူးပေါင်းမှုတွေကို အလေးထားလုပ် ဆောင်နေကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။
မြန်မာစစ်တပ်ကို လေယာဉ်အပါအဝင် စစ်ပစ္စည်းတွေကို အများဆုံးရောင်းချပေးနေတဲ့ ရုရှားနိုင်ငံဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနဲ့ စီးပွားရေးဆိုင်ရာ ရင်းနှီးတဲ့ဆက်ဆံရေးတွေ ရှိလာခဲ့ကြတာပါ။
ရုရှားအစိုးရပိုင် Rosatom အဏုမြူစွမ်းအင်ကော်ပိုရေးရှင်းနဲ့ စစ်ကောင်စီတို့ မြန်မာနိုင်ငံမှာ နျူက လီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးစီမံကိန်းအတွက် ၂၀၂၂ ခုနှစ်နှောင်းပိုင်းမှာ နား လည်မှုစာချွန်လွှာ ရေးထိုးထားကြပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI