ကိဗ်၊ ဖေဖော်ဝါရီ ၂၄

ယူကရိန်းသို့ ရုရှားက ရာနှုန်းပြည့် ကျူးကျော် တိုက်ခိုက်မှု တတိယမြောက် နှစ်ပတ်လည်နေ့ မတိုင်ခင် သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ငြိမ်းချမ်းရေးအတွက် အလဲအလှယ်အနေနဲ့ သူ့ရဲ့သမ္မတရာထူးကို စွန့်လွှတ်ပေးဖို့ ဆန္ဒရှိတယ်လို့ ပြောကြားလိုက်ပါတယ်။

ငြိမ်းချမ်းရေးကို လိုလားပြီး သူ့ကို ရာထူးက ထွက်ပေးစေချင်တယ်ဆိုရင် အဆင်သင့်ရှိကြောင်း၊ အဲဒီလို အခြေအနေမျိုးတွေ ရှိခဲ့တယ်ဆိုရင် သူ့အနေနဲ့ နေတိုးအဖွဲ့ဝင် ဖြစ်ခွင့်နဲ့ရာထူးကို လဲလှယ်သွားမှာ ဖြစ်တယ်လို့ ဇီလန်စကီးက သတင်းစာရှင်းလင်းပွဲအတွင်း မေးခွန်းတစ်ခုကို တုံ့ပြန်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

သမ္မတ ဇီလန်စကီးဟာ ရွေးကောက်ပွဲတွေ မကျင်းပဘဲ အာဏာရှင် လုပ်နေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အခုသီတင်းပတ် စောစောပိုင်းမှာ စွပ်စွဲခဲ့ပြီးနောက် သူက အခုလိုမျိုး မှတ်ချက်ပေး ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ် မေလမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံခဲ့ရတဲ့ သမ္မတ ဇီလန်စကီးက ဖေဖော်ဝါရီ ၂၃ ရက်က အခုလိုမျိုး တုံ့ပြန် ပြောဆိုလာတာပါ။

သူ့အနေနဲ့ ဒီကနေ့အချိန်မှာ ယူကရိန်းရဲ့လုံခြုံရေးကိုပဲ အာရုံစိုက်ထားပြီး သူ့အနေနဲ့ ဆယ်စုနှစ်ပေါင်းများစွာ ကြာအောင် အာဏာကို ဆက်ယူထားမှာ မဟုတ်ဘူးလို့ ပြောဆိုထားတာပါ။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီမှာ ရုရှားရဲ့ ရာနှုန်းပြည့် ကျူးကျော်မှု စတင်ပြီးကတည်းက ယူကရိန်းမှာ စစ်အုပ်ချုပ်ရေး ကြေညာထားတာကြောင့် ဥပဒေအရ စစ်အုပ်ချုပ်ရေး ကြေညာထားချိန်မှာ ရွေးကောက်ပွဲ ကျင်းပလို့ မရပါဘူး။

ဖေဖော်ဝါရီ ၂၄ ရက်မှာ အနောက်တိုင်းခေါင်းဆောင်တွေနဲ့ သမ္မတ ဇီလန်စကီး တွေ့ဆုံမှာ ဖြစ်ပြီး တချို့ကို ကိဗ်မြို့မှာ လူကိုယ်တိုင်တွေ့မှာ ဖြစ်သလို တခြား ခေါင်းဆောင်တွေကို အွန်လိုင်းကနေ တွေ့ဆုံမှာ ဖြစ်ပါတယ်။

သူတို့အနေနဲ့ စစ်ပွဲအလွန် ယူကရိန်း လုံခြုံရေးအတွက် အမေရိကန် မဆောင်ရွက်ပေးခဲ့ရင် သူတို့ကိုယ်တိုင် ဘယ်လို ဆောင်ရွက်မလဲဆိုတာကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

အဲဒီ ဆွေးနွေးမှုအတွင်း ယူကရိန်း နေတိုးအဖွဲ့ဝင်ဖြစ်ရေး ကိစ္စလည်း ပါဝင်မယ်လို့ သမ္မတ ဇီလန်စကီးက ပြောပေမယ့် ဆွေးနွေးမှု ဘယ်လို အဆုံးသတ်မလဲ ဆိုတာ မသိသေးဘူးလို့ ဆိုပါတယ်။

ယူကရိန်းအနေနဲ့ နေတိုးအဖွဲ့ဝင်ဖြစ်ရေး ကြိုးပမ်းမှုကို အဆုံးသတ်ရမယ်လို့ ရုရှားက တောင်းဆိုထားပါတယ်။

အမေရိကန်အစိုးရက ယူကရိန်းဆီ ပေးထားတဲ့ ဒေါ်လာ ဘီလီယံပေါင်းများစွာ တန်တဲ့ စစ်ရေး အကူအညီတွေအတွက် ယူကရိန်းဆီက မြေရှား သတ္တုတွေကို ပြန်တောင်းသွားမယ်လို့ သမ္မတထရန့်က ပြောဆိုထားပါတယ်။

အခုအချိန်အထိ ပေးနေတဲ့ အမေရိကန်ရဲ့ အကူအညီတွေဟာ အမေရိကန်အစိုးရရဲ့ ခွင့်ပြုထားတဲ့ လုပ်ရပ်တွေ ဖြစ်ပြီး မိမိတို့ ချေးယူထားတာ မဟုတ်ဘူးလို့ သမ္မတ ဇီလန်စကီးက တုံ့ပြန်ထားပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.