ဘားအံ၊ ဖေဖော်ဝါရီ ၁၇
ကရင်ပြည်နယ် ဘားအံမြို့နယ် ကော်ဟဲကျေးရွာမှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ဟာ ဖေဖော်ဝါရီ ၁၅ ရက်နေ့ ညသန်းခေါင်ယံချိန်မှာ တိုက်ပွဲမရှိဘဲ ကော်ဟဲကျေးရွာကို လေယာဉ်နဲ့ ဗုံးသီး နှစ်လုံး ကြဲချတိုက်ခိုက်ခဲ့တာပါ။

လေယာဉ်နဲ့ဗုံးကြဲမှုကြောင့် ကော်ဟဲကျေးရွာက နေအိမ် ကိုးလုံး ထိမှန်ပျက်စီးခဲ့ပြီး ဒဏ်ရာရရှိခဲ့တဲ့ ဒေသခံပြည်သူတွေကိုတော့ နီးစပ်ရာ ဆေးရုံတွေမှာ တက်ရောက်ကုသနေရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ် ဗုံးကြဲခဲ့တဲ့ ကော်ဟဲကျေးရွာဟာ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ သထုံခရိုင်အုပ်ချုပ်နယ်မြေ ဖြစ်ပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ကလည်း မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်နဲ့ ဘီးလင်းမြို့နယ်မှာ တစ်ရက်တည်း ကျေးရွာ သုံးရွာ ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် လူ သုံးဦး သေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU