ကွာလာလမ်ပူ၊ ဖေဖော်ဝါရီ ၁၇
ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်အပြင် ကမ္ဘောဒီးယားနဲ့ လာအိုရှိ ကျားဖြန့်လုပ်ငန်းတွေကနေ တရားမဝင်ရရှိနေတဲ့ ငွေကြေးတွေဟာ မြန်မာပြည်တွင်းစစ်ကို လောင်စာထည့်ပေးနေတယ်လို့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝါထရာက ပြောကြားလိုက်ပါတယ်။
အွန်လိုင်းငွေလိမ်ဂိုဏ်းတွေက ရရှိနေတဲ့ ငွေတွေဟာ မသန့်ရှင်းတဲ့ ငွေတွေ ဖြစ်တယ်လို့ သက်ဆင်က ဆိုပါတယ်။

ဒီလို မသန့်ရှင်းတဲ့ ငွေတွေကို မြန်မာစစ်ကောင်စီနဲ့ လက်နက်ကိုင်အဖွဲ့များစွာဟာ တိုက်ခိုက်မှုတွေအတွက် အသုံးချနေတာကြောင့် ပြည်တွင်း စစ်ရဲ့ ရှုပ်ထွေးမှုတွေကို မီးမောင်းထိုးပြနေပြီး အဆုံးသတ်ဖို့ လိုတယ်လို့ သူက ပြောပါတယ်။
ဒေသတွင်း နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေ ကျူးလွန်နေကြတဲ့ ဂိုဏ်းတွေနဲ့ ပတ်သက်လို့ အာဆီယံနိုင်ငံတွေက စိုးရိမ်နေတယ်လို့ အသက် ၇၅ နှစ်အရွယ် သက်ဆင်က ပြောပါတယ်။
ကမ္ဘာတဝန်းရှိ လူတွေဆီ ပစ်မှတ်ထားနေတဲ့ ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နှင်းရေး ထိုင်းက မြန်မာနယ်စပ် မြို့ ၅ မြို့သို့ လျှပ်စစ်ဓာတ်အား၊ အင်တာနက်နဲ့ လောင်စာ ပေးပို့နေမှု အားလုံးကို ဖေဖော်ဝါရီ ၅ ရက်ကစလို့ ရပ်ဆိုင်းခဲ့ပါတယ်။

လျှပ်စစ်ဓာတ်အား ဖြတ်တောက်ခံရပြီးနောက် ဘုရားသုံးဆူရှိ တရုတ် စီးပွားရေးလုပ်ငန်းတွေ ထွက်ခွာသွားခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းက ဖောဖော်ဝါရီ ၁၃ ရက်မှာ ဖော်ပြခဲ့ပါတယ်။
ဒီလို အနှောင့်အယှက်တွေကြောင့် ဒေသခံတွေ ထိခိုက်မှာ ဖြစ်ပေမယ့် လုပ်ဆောင်ရမယ့်အလုပ်ကို ထိုင်းအစိုးရက ပြီးအောင် လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သက်ဆင်က ဆိုပါတယ်။
မြန်မာနယ်စပ်ကို ထိန်းချုပ်ထားတဲ့ ကရင်နယ်ခြားစောင့်တပ်က အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေ ဖေဖော်ဝါရီလ မကုန်ခင် ထွက်သွားကြဖို့ ညွှန်ကြားထားကြောင်း၊ ကျားဖြန့်ဂိုဏ်း အလုပ်သမား ၁၀၀၀၀ အထိ ထိုင်း အရာရှိတွေဆီ လွှဲပြောင်းပေးဖို့ အသင့်ရှိတယ်လို့ ဆိုထားပါတယ်။
ကျားဖြန့်ဂိုဏ်းတွေ၊ လောင်းကစား လိမ်လည်မှုတွေနဲ့ တခြား တရားမဝင် လှုပ်ရှားမှုတွေ အဆုံးသတ်ရေး ထိုင်းက တရုတ်၊ တခြား အိမ်နီးချင်းနိုင်ငံတွေနဲ့ လက်တွဲ ဆောင်ရွက်မှာ ဖြစ်တယ်လို့ သက်ဆင်ရဲ့ အငယ်ဆုံးသမီး ထိုင်းဝန်ကြီးချုပ် ပေသွန်ထန် ရှင်နာဝါထရာက ပြောထားပါတယ်။
တရုတ်သရုပ်ဆောင် တစ်ဦးကို မြန်မာနိုင်ငံရှိ ကျားဖြန့်လုပ်ငန်းကနေ ထိုင်းအရာရှိတွေ ကယ်တင်ခဲ့တဲ့ ဖြစ်ရပ်ဖြစ်ပွားပြီးနောက်ပိုင်း ကျားဖြန့် တိုက်ဖျက်ရေး ထိုင်းနဲ့တရုတ် ပူးပေါင်းပြီး အရှိန်မြှင့် ဆောင်ရွက်လာခဲ့တာ ဖြစ်ပါတယ်။
ကျားဖြန့်လုပ်ငန်းတွေနဲ့ ပတ်သက်နေတယ်ဆိုတဲ့ ထိုင်း အဆင့်မြင့် အစိုးရအရာရှိတွေ စာရင်းကိုလည်း စုံစမ်းဖော်ထုတ်ပြီး အရေးယူဖို့ ရှိနေတယ်လို့ သိရပါတယ်။
Ref:Bernama