လန်ဒန်၊ ဖေဖော်ဝါရီ ၁၇

ကမ္ဘာမှာ ဦးဆောင်နေတဲ့ အခန်းကဏ္ဍကနေ အမေရိကန် နောက်ပြန် ဆုတ်နေချိန် ကမ္ဘာလုံးဆိုင်ရာ ဒီမိုကရေစီ အန္တရာယ်ရှိနေပြီလို့ ဗြိတိန် ဝန်ကြီးချုပ်ဟောင်း ဆာ ဂျွန်မေဂျာက သတိပေးလိုက်ပါတယ်။

အမေရိကန် သီးခြားရပ်တည်ဖို့ဆိုတဲ့ သမ္မတ ဒေါ်နယ်ထရန့်ရဲ့ မူဝါဒကြောင့် ရုရှားနဲ့ တရုတ်လို နိုင်ငံတွေကို ရဲတင်းလာစေမယ့် အာဏာ လစ်ဟာမှု ဖြစ်ပေါ်နေတယ်လို့ ဝန်ကြီးချုပ်ဟောင်း ဂျွန်က ဆိုပါတယ်။

၁၉၉၀ ပြည့်နှစ်ကနေ ၁၉၉၇ ခုနှစ်အထိ ဗြိတိန်ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သူ ဆာဂျွန် မေဂျာက ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးနောက်ပိုင်း ရရှိခဲ့တဲ့ အကျိုးကျေးဇူးတွေဟာ အခုအချိန်မှာ ပြောင်းပြန် ဖြစ်လာနေပြီး သိပ်မကြာခင် ရုရှားက အခြားတစ်နေရာကို ကျူးကျော် တိုက်ခိုက်မှာက သံသယရှိစရာ မလိုဘူးလို့ ပြောဆိုတာပါ။

တစ်ပြိုင်နက်တည်း ကြီးထွားလာတဲ့ အကျည်းတန် အမျိုးသားရေး ဝါဒဟာ တော်တော်လေး မတည်ငြိမ်တဲ့ ကာလကို ဖြစ်ပေါ် စေတယ်လို့ သူက ပြောပါတယ်။

ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်လို့ ဥရောပခေါင်းဆောင်တွေ အရေးပေါ် ညီလာခံအတွက် ပြင်ဆင်နေကြချိန်မှာ ဆာ ဂျွန် မေဂျာက အခုလိုမျိုး ပြောကြားခဲ့တာပါ။

ယူကရိန်းအပါအဝင် ဥရောပနိုင်ငံတွေ ချန်လှပ်ခံထားရနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ထွက်ပေါ်နေချိန် အမေရိကန်နဲ့ ရုရှားအရာရှိတွေ လာမယ့် ရက်ပိုင်းအတွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြုလုပ်ဖို့ ရှိနေပါတယ်။

သမ္မတ ပူတင် အုပ်ချုပ်နေတဲ့ ရုရှားမှာ သူ့ကို သဘောမကျသူတွေဟာ ပျောက်ကွယ်သွားတာ၊ သေဆုံးတာ ဒါမှမဟုတ် နိုင်ငံတွင်းက ထွက်ပြေးရတာတွေ ရှိနေတယ်လို့လည်း ဆာ ဂျွန် မေဂျာက ပြောပါတယ်။

ကမ္ဘာကြီးဟာ ပြောင်းလဲနေပြီး အနောက်တိုင်း သဘောကျတဲ့ ပုံစံမျိုးနဲ့ ပြန်ပြီး ပုံပေါ်လာဖို့ မဖြစ်နိုင်ကြောင်းနဲ့ ပြီးခဲ့တဲ့ ၁၈ နှစ်အတွင်း ဒီမိုကရေစီ အားနည်းလာခဲ့ကြောင်းလည်း သူက ပြောပါတယ်။

ဆာဂျွန် မေဂျာဟာ ယူကရိန်စစ်ပွဲ စတင်ပြီး မကြာခင် ယူကရိန်းမှာ ရုရှားစစ်တပ်ရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်လို့ ပူတင်ကို စစ်ရာဇဝတ်မှုတွေနဲ့ ရုံးတင် စစ်ဆေးဖို့ လက်မှတ်ရေးထိုး တောင်းဆိုခဲ့သူတွေထဲမှာ ပါဝင်ခဲ့ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.