မြူးနစ်၊ ဖေဖော်ဝါရီ ၁၅

သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ မတွေ့ခင် ယူကရိန်းစစ်ပွဲ အဆုံးသတ်ဖို့ ရုရှားကို အမေရိကန်က ဖိအားပေးဖို့ ကြိုတင် ပြင်ဆင်ထားတယ်လို့ ဒုသမ္မတ ဂျေဒီ ဗန့်စ်က ဖေဖော်ဝါရီ ၁၄ ရက်မှာ ပြောကြားလိုက်ပါတယ်။

သုံးနှစ်နီးပါး ကြာနေပြီဖြစ်တဲ့ ပဋိပက္ခနဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုတွေကနေ ချန်လှပ်ခံရမယ့်အရေး စိုးရိမ်နေကြတဲ့ ဥရောပနိုင်ငံတွေကိုလည်း သူတို့ ပါဝင်ဆွေးနွေးရမှာ ဖြစ်ကြောင်း အမေရိကန် ဒုသမ္မတ ပြောဆိုလိုက်တာပါ။

ဒါပေမဲ့ ဥရောပအနေနဲ့ သူတို့ရဲ့ ကိုယ်ပိုင် ကာကွယ်ရေး ဝန်ထုပ်ဝန်ပိုးကို ပိုပြီး မျှခံဖို့ လိုအပ်တယ်လို့ ဒုသမ္မတ ဂျေဒီ ဗန့်စ်က ပြောကြားထားပါတယ်။

ယူကရိန်းရဲ့ အချုပ်အခြာ အာဏာပိုင် လွတ်လပ်ရေးကို မိမိအနေနဲ့ ထောက်ခံကြောင်းနဲ့ ဝါရှင်တန်မှာ ရုရှားကို တားဆီးရေး အသုံးပြုဖို့ စစ်ရေးအသာစီးရနိုင်စွမ်း ရှိတယ်လို့လည်း သူက ပြောပါတယ်။

စစ်ပွဲ အဆုံးသတ်ရေး အမေရိကန်၊ ဥရောပတို့နဲ့အတူ မိမိတို့ ဘုံရပ်တည်ချက် တစ်ခု ရရှိပြီဆိုတာနဲ့ ရုရှားနဲ့ တိုက်ရိုက် ဆွေးနွေးရေး အသင့်ရှိတယ်လို့ မြူးနစ်မြို့မှာ ဒုသမ္မတ ဗန့်စ်နဲ့ မတွေ့ခင် ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောဆိုထားပါတယ်။

ဒါပေမဲ့ အမေရိကန်ရဲ့ နေတိုးအဖွဲ့ဝင် ဥရောပ မဟာမိတ်နိုင်ငံတွေ အနေနဲ့ သူတို့ရဲ့ ကိုယ်ပိုင်ကာကွယ်ရေးနဲ့ အနာဂတ် ယူကရိန်း ငြိမ်းချမ်းရေး သေချာစေဖို့ အခုထက် ပိုမို လုပ်ဆောင်ကြရမယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိ ဟက်ဆော့ချ်က ပြောကြားထားပါတယ်။

အမေရိကန်က ထာဝရ ကူညီပေးနိုင်မှာ မဟုတ်တဲ့အတွက် တခြား နေတိုး အဖွဲ့ဝင် မိမိတို့ မဟာမိတ်တွေ အနေနဲ့ ကာကွယ်ရေးမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ကြဖို့ အချိန်ကျရောက်ပြီလို့ ဝန်ကြီး ဟက်ဆော့ချ်က ပြောဆိုတာပါ။

ယူကရိန်း အနေနဲ့ ငြိမ်းချမ်းရေး ရရှိရေး နေတိုးအဖွဲ့ဝင် ဖြစ်ဖို့ ကြိုးပမ်းနေမှု အဆုံးသတ်ရမှာ ဖြစ်သလို လက်လွှတ်ထားရတဲ့ နယ်မြေ တချို့ကိုလည်း ရုရှားကို ပေးအပ်ရနိုင်ပါတယ်။

မြူးနစ်မြို့ ညီလာခံမှာ အမေရိကန် ဒုသမ္မတက ဥရောပကနေ အမေရိကန်တပ်တွေ ဆုတ်ခွာကြောင်း ကြေညာနိုင်တယ်လို့ ညီလာခံ အကြီးအကဲက ပြောထားပါတယ်။

နေတိုး အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ကာကွယ်ရေးအတွက် သူတို့ နိုင်ငံ အသားတင် ပြည်တွင်းထုတ်ကုန်တန်ဖိုး ဂျီဒီပီ ရဲ့ ၅ ရာခိုင်နှုန်းအထိ သုံးစွဲရေးလည်း အမေရိကန်က တောင်းဆိုမယ်လို့ မျှော်လင့်ရပါတယ်။

ဂျာမနီ ကာကွယ်ရေးဝန်ကြီး ဘောရစ် ပစ်ထရီးယပ်စ်ကတော့ ဥရောပမှာ ရှိနေတဲ့ အမေရိကန်တပ်ဖွဲ့တွေ နေရာမှာ ဥရောပတပ်တွေ ညတွင်းချင်း အစားထိုးဖို့ မဖြစ်နိုင်တာကြောင့် အမေရိကန်တပ်တွေ ဆုတ်ခွာမှုအတွက် လမ်းပြမြေပုံ ရှိသင့်တယ်လို့ သတိပေးထားပါတယ်။

ယူကရိန်း နယ်မြေ ဘယ်လောက်များများကို ရုရှားလက်ထဲမှာ ဆက်ထားမလဲ ဒါမှမဟုတ် ယူကရိန်းအတွက် အမေရိကန်နဲ့ အနောက်တိုင်း မဟာမိတ်တွေက ဘယ်လို လုံခြုံရေး အာမခံချက် ပေးမလဲ ဆိုတာ ပြောဖို့ စောလွန်းနေသေးတယ်လို့ ဒုသမ္မတ ဂျေဒီ ဗန့်စ်က ပြောကြားခဲ့ပါတယ်။

ဒီလို ဆွေးနွေးဖို့ စီစဉ်နေချိန်မှာ ရုရှားက ဆက်လက်ပြီး တိုက်ခိုက်မှုတွေ လုပ်နေတာကြောင့် သမ္မတ ပူတင် အနေနဲ့ ဆွေးနွေးဖို့ ရည်ရွယ်ချက် မရှိတာကို ဖော်ပြနေတယ်လို့ ဇီလန်စကီးက ပြောဆိုထားပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.