မော်လမြိုင် ၊ ဖေဖော်ဝါရီ ၁၆

တော်လှန်ရေးကာလမှ စတင်ကာ ဖက်ဒရယ်အသွင်ကူးပြောင်းရေး အစီအမံဆိုင်ရာ အခြေခံဥပဒေကို စတင်ရေးဆွဲနေပြီလို့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ ပြည်နယ်/လူမျိုးကိုယ်စားပြု ဖက်ဒရယ်ကောင်စီတွေပါတဲ့ အဖွဲ့ ၉ ဖွဲ့ကနေ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်မှုကို လက်တွေ့ဖော်ဆောင်ပြီး အသွင်ကူးပြောင်းရေးကာလအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေလိုမျိုး သက်ရောက်မှုရှိတဲ့ အုပ်ချုပ်ရေးစာ တမ်းအဖြစ် ကျင့်သုံးသွားဖို့ ဖြစ်ပါတယ်။

အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်ဆန်းမြင့်က အသွင်ကူးပြောင်းရေးကာလမှာ ရွေးကောက်ပွဲကျင်းပနိုင်မှာ မဟုတ်တာကြောင့် အသွင်ကူးပြောင်းရေး အခြေခံဥပဒေကို ၉ ဖွဲ့က စတင်ရေးဆွဲခဲ့ရာမှာ NUG နဲ့ NUCC တို့လည်း ပါဝင်လာတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အခုရေးတဲ့အခါမှာလည်း ကျွန်တော်တို့ ၉ ဖွဲ့တင်မကဘူး။ NUCC မှာက Transitional Constitution Working Group ဆိုပြီး အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံရေးဆွဲရေးလုပ်ငန်းအဖွဲ့ဆိုပြီး ဖွဲ့ထားတာရှိတယ်။ အဲဒီတော့ ကျွန်တော်တို့ ၉ ဖွဲ့က စတဲ့ အဲဒီ AFTA ဖက်ဒရယ်အသွင်ကူးပြောင်းရေး အစီအမံဆိုင်ရာ အခြေခံဥပဒေက TCWG ထဲမှာပဲ ကျွန်တော်တို့ ပြန်ပေါင်းပြီးမှ အခုပြန်ရေးနေတာ ဖြစ်တယ်။ပြန်ရေးနေတော့ TCWG ထဲမှာက ကျွန်တော်တို့ ၉ ဖွဲ့ထဲက တချို့လည်း အဖွဲ့ဝင်ဖြစ်သလို NUG က ကိုယ်စားလှယ်တွေလည်း ပါတယ်၊ NUCC က ကိုယ်စားလှယ်လည်း ပါတယ်။ဆိုတော့ အားလုံးက အတူတကွရေးမယ်ဆိုတဲ့ သဘောပါပဲ” လို့ဆိုပါတယ်။

အသွင်ကူးပြောင်းရေး အခြေခံဥပဒေကို ပြီးခဲ့တဲ့နှစ်ကတည်းက လူတွေ့ စတင်ရေးဆွဲခဲ့ကြတာဖြစ်ပြီး လက်ရှိမှာ ဥပဒေပြုရေး၊အုပ်ချုပ်ရေး၊တရားစီရင်ရေး စတဲ့ စနစ်တွေကို ဘယ်လိုဖွဲ့စည်းမယ်ဆိုတဲ့အဆင့်အထိ ပြီးစီးသွားပြီလို့ သူက ဆက်ပြောပါတယ်။

အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်‌ရေးမှာ ဗဟိုချုပ်ကိုင်မှုစနစ်အသစ်တဖန် ပြန်လည် အားကောင်းစေမယ့် ဗဟိုအခြေပြုဖက်ဒရယ်စနစ်ကို လက်ခံကျင့်သုံးသွားမှာ မဟုတ်ဘူးလို့ အဖွဲ့ ၉ ဖွဲ့က ကြေညာထားတာပါ။

ပြည်နယ်အားကောင်းရေးကနေ ပြည်ထောင်စုအားကောင်းရေး (Bottom up Federalism Approach) အခြေခံချဉ်းကပ်မှုနဲ့သာ တိုင်းပြည်ကို ပြန်လည်တည်ဆောက်သွားနိုင်ရေး ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။

ဗဟိုချုပ်ကိုင်မှုစနစ်ဟာ အစိုးရအဆက်ဆက်ရဲ့ ဆယ်စုနှစ် ခုနှစ်ခုကျော်တိုင် နက်ရှိုင်းတည်ရှိနေတဲ့ နိုင်ငံရေးပြဿနာတွေကို မဖြေရှင်းနိုင်ရုံမက နောက်ဆက်တွဲ ပိုမိုရှုပ်ထွေးတဲ့ ထပ်ဆင့်ပြဿနာတွေကို ဖြစ်ပေါ်စေတာဟာ ပကတိအရှိတရားပဲလို့ ထောက်ပြထားတာပါ။

ဒါကြောင့် အသွင်ကူးပြောင်းရေး အခြေခံဥပဒေရေးဆွဲပြီးရင်တော့ အတည်ပြုရေး၊ အားလုံးညှိနှိုင်းရေးလုပ်ငန်းစဉ်တွေ ဆက်ရှိမှာဖြစ်လို့ လူထုအတွက် အကျိုးရလဒ်တွေ အများကြီးရှိတယ်လို့ ဦးအောင်ဆန်းမြင့်က ရှင်းပြပါတယ်။

“အာဏာက ကျွန်တော်တို့ ပြည်နယ်တွေနဲ့ ပြည်နယ်ထဲမှာ ရှိတဲ့ လူထုဆီကနေပြီးတော့ ဆင်းသက်တာဖြစ်တဲ့အတွက် ပိုပြီးတော့မှ ပြည်ထောင်စုအစိုးရကလည်း အချုပ်အခြာအာဏာက ပိုပြီးမှန်တာပေါ့ဗျာ။အပေါ်ကနေ အောက်ကို ဆင်းသက်တဲ့ပုံစံမျိုးမဟုတ်ဘဲ တကယ့် လူထုဆီက‌နေ စစ်မှန်ပြီး legitimacy (တရားဝင်မှု) ရတယ်ဆိုတဲ့ သဘောဖြစ်တာပေါ့။ နောက်ပြီး ပြည်နယ်တွေ တိုင်း ရင်းသားတွေမှာလည်း အမျိုးသားတန်းတူရေး တရားမျှတရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အပြည့်အဝ ရရှိစေနိုင်မှာပါ။ ပေါ်ထွက်လာတဲ့ အစိုးရအဆင့်ဆင့်ကလည်း ပြည်သူလူထုအတွက် Limited Zone အစိုးရတွေ ဖန်တီးပေးနိုင်မယ်ဆိုတဲ့ ဒီလိုအကျိုးရလဒ်တွေ အများကြီးရှိပါတယ်”လို့ ဆိုပါတယ်။

အဖွဲ့ ၉ ဖွဲ့အနေနဲ့ ဒီမိုကရေစီရေး အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးတွေ အပြည့်အဝရှိတဲ့ ပြည်နယ်တွေနဲ့ စုဖွဲ့တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ကြိုးပမ်းနေတဲ့ တော်လှန်ရေးအဖွဲ့တွေလို့ ပြောထားတာပါ။

ကြေညာချက်ကိုတော့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP၊ ကရင်အမျိုးသားအစည်အရုံး KNU၊ ချင်းအမျိုးသားတပ်ဦး CNF နဲ့ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP – AD တို့ ပါဝင်ပါတယ်။

ဒါ့အပြင် ကရင်နီပြည် အတိုင်ပင်ခံကောင်စီ KSCC ၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ PNFC၊ တအာင်းနိုင်ငံ ရေးအတိုင်ပင်ခံကော်မတီ TPCC နဲ့ အမျိုးသ မီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB တို့လည်း ပါဝင်ထားကြတာပါ။

ပြီးခဲ့တဲ့နှစ် ဇန်နဝါရီ ၃၁ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် KNU၊ KNPP၊ CNF တို့ ပူးပေါင်းထုတ်ပြန်ခဲ့တဲ့ ဘုံသဘောထားရပ်တည်ချက်အတွက် ပိုမိုကျယ်ပြန့်တဲ့အဖွဲ့တွေ ပါဝင်လာရေး ညှိနှိုင်းမှုတွေ မြှင့်တင်လုပ်ဆောင်နေတယ်လို့ အသိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.