တိုကျို၊ ဖေဖော်ဝါရီ ၁၅

ကုန်ဈေးနှုန်းတွေ မြင့်တက်လာမှုကို တုံ့ပြန်တဲ့အနေနဲ့ အရေးပေါ် အခြေအနေအတွက် အရန်သုံးဖို့ ထားတဲ့ ဆန်တွေကို ထုတ်သုံးမှာ ဖြစ်ကြောင်း ဂျပန်အစိုးရက ဖေဖော်ဝါရီ ၁၄ ရက်မှာ ကြေညာလိုက်ပါတယ်။

ကြီးကြီးမားမား ငလျင်လှုပ်တာမျိုးလို အရေးပေါ် ကာလတွေမှာသာ ဂျပန်အစိုးရဟာ အရေးပေါ် အရန်ဆန်တွေကို သုံးစွဲဖို့ အရင်ကသတ်မှတ်ထားခဲ့ပေမယ့် ဖြန့်ဝေဖို့ အနှောင့်အယှက် ရှိတာကြောင့် အခု တစ်ကြိမ်ဟာ ပထမဆုံး ထုတ်သုံးမှု ဖြစ်လာမှာ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်မှာ ရာသီဥတု ပူပြင်းလွန်းတဲ့အတွက် ဆန်ပြတ်လပ်မှုနဲ့ ရင်ဆိုင်ရပြီး ဝယ်လိုအား များတာကြောင့် ပြီးခဲ့တဲ့ နွေရာသီကတည်းက ဆန်ဈေး ဆက်တိုက် မြင့်တက်လာခဲ့ပါတယ်။

ဂျပန်မှာ အပူချိန် ဆက်လက် မြင့်တက်လာခဲ့ပြီး ၂၀၂၄ ခုနှစ်ဟာ အပူပြင်းဆုံး နှစ်တစ်နှစ် ဖြစ်ခဲ့ပါတယ်။

ရာသီဥတု ပြောင်းလဲမှုကြောင့် ကမ္ဘာ့ဒေသတွေ တော်တော်များများမှာလည်း ပြင်းထန်တဲ့ အပူလှိုင်းတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

အရေးပေါ် အသုံးပြုဖို့ သိမ်းထားတဲ့ ဆန်တန်ချိန် တစ်သန်းထဲက တန်ချိန် ၂၁၀၀၀၀ ကို အစိုးရက ထုတ်သုံးသွားမယ်လို့ စိုက်ပျိုးရေးဝန်ကြီး တာကူ အီတိုက သတင်းထောက်တွေကို ပြောဆိုထားတာပါ။

ဆောင်းဦးရာသီ ကောက်သစ်ပေါ်ချိန် ဆန်သစ်တွေ ဈေးကွက်ထဲ ဝင်လာရင် ဈေးနှုန်း တည်ငြိမ်သွားမယ်လို့ အစိုးရက မျှော်လင့်နေပေမယ့် ဈေးနှုန်း ဆက်လက် မြင့်တက်နေတာပါ။

ဖေဖော်ဝါရီလအတွင်း အစိုးရ ကောက်ယူခဲ့တဲ့ စစ်တမ်းအရ ပျမ်းမျှ လက်လီဈေးနှုန်းဟာ ၅ ကီလို ဆန် တစ်အိတ်ကို ၃၆၈၈ ယန်း (၂၄ ဒေါ်လာ) ပေးနေရပါတယ်။

ပြီးခဲ့တဲ့နှစ်က ဆန် ၅ ကီလို တစ်အိတ်ကို ၂၀၂၃ ယန်းပဲ ပေးခဲ့ရတာ ဖြစ်ပါတယ်။

မကြုံစဖူး လုပ်ရပ်အနေနဲ့ စိုက်ပျိုးရေးဝန်ကြီးက ဥပဒေသစ်အရ အစိုးရ သိမ်းထားတဲ့ ဆန်တွေကို ထုတ်သုံးဖို့ ပြီးခဲ့တဲ့လမှာ ဆုံးဖြတ်ခဲ့တာပါ။

အရင်ကဆိုရင် စုဆောင်းထားတဲ့ ဆန်တွေကို ပြင်းထန်တဲ့ ကောက်ပဲသီးနှံ မဖြစ်ထွန်းမှုနဲ့ ဘေးအန္တရာယ် ကြုံချိန်တွေမှာပဲ ထုတ်သုံးဖို့ သတ်မှတ်ထားခဲ့ပေမယ့် ဥပဒေသစ် ပြောင်းလဲလိုက်တဲ့အတွက် ဆန်ဖြန့်ဖြူးမှု အခက်အခဲ ရှိတယ်လို့ ထင်ရတဲ့ အချိန်တွေမှာ စုဆောင်းထားတဲ့ အရန်ဆန်တွေကို ထုတ်ယူ အသုံးပြုခွင့် ရှိနေပါတယ်။

ဝန်ကြီးဌာနအနေနဲ့ သူတို့ ထုတ်သုံးလိုက်တဲ့ ဆန်ပမာဏကို တစ်နှစ်အတွင်း ဖြန့်ဖြူးသူတွေဆီက ပြန်ဝယ်ယူမှာ ဖြစ်ပါတယ်။

၁၉၉၃ ခုနှစ်က စတင်ပြီး နှစ်နှစ်ကြာတဲ့အထိ ကောက်ပဲသီးနှံ မဖြစ်ထွန်းမှုကြောင့် အစိုးရက အရန်ဆန် ထားရှိရေး ဥပဒေကို ၁၉၉၅ ခုနှစ်မှာ စတင် အသက်သွင်းခဲ့တာ ဖြစ်ပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.